ပေကျင်း၏ အမြင့်ဆုံးမိုးပျံတိုက်ကို လေယာဉ်ငယ်ဝင်တိုက်မှုဖြစ်ပွား၊ လုံခြုံရေးတင်းကျပ်သည့် မြို့တော်တွင် စိုးရိမ်ထိတ်လန့်နေ

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အမြင့်ဆုံး မိုးပျံတိုက်ကြီးဖြစ်သော အထပ် ၁၀၉ ထပ်ရှိ CITIC Tower (China Zun) ကို ဇွန်လ ၂၆ ရက် (သောကြာနေ့) မွန်းလွဲပိုင်းက လေယာဉ်ငယ်တစ်စင်း ဝင်တိုက်မိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများအရ တိုက်ပေါ်မှ အပျက်အစီးများနှင့် လေယာဉ်အမြီးပိုင်းအပိုင်းအစများ အောက်သို့ ပြုတ်ကျလာပြီး လမ်းမပေါ်ရှိ အငှားယာဉ် (Taxi) တစ်စင်း မှန်ကွဲအက်သွားသည်။ တိုက်အတွင်းမှ လူများကိုလည်း ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။

ဝင်တိုက်ခဲ့သည့် လေယာဉ်မှာ တရုတ်နိုင်ငံထုတ် Sunward SA 60L Aurora အမျိုးအစား အပျော်စီးလေယာဉ်ငယ် ဖြစ်သည်။ Shifosi လေဆိပ်မှ ပျံတက်လာပြီးနောက် လမ်းကြောင်း အပြင်းအထန် လွဲချော်ကာ မြို့လယ်စီးပွားရေးဇုန် (CBD) ထဲ ဝင်ရောက်လာခြင်း ဖြစ်သည်။

ပေကျင်းမြို့သည် ခွင့်ပြုချက်မရှိဘဲ ဒရုန်း ပင် ပျံသန်းခွင့်မရှိလောက်အောင် လုံခြုံရေး အလွန်တင်းကျပ်သည့် မြို့တော်ဖြစ်သည်။

“ဒါက မြို့ရဲ့ အချက်အချာကျတဲ့ နေရာကြီးလေ။ အဲဒီလို လုံခြုံရေးတင်းကျပ်တဲ့ ကန့်သတ်နယ်မြေထဲကို လေယာဉ်တစ်စင်းက မိနစ် ၂၀ လောက် ဝေဟင်မှာ ပျံသန်းပြီး ဝင်လာနိုင်ခဲ့တယ်ဆိုတာ တကယ်ကို ကြောက်စရာကောင်းပါတယ်”

လက်ရှိအချိန်အထိ တရုတ်အာဏာပိုင်များဘက်က တရားဝင် သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးဘဲ၊ သတင်းဌာနများ၏ ဆက်သွယ်မေးမြန်းမှုကို “အခြေအနေကို သေချာမသိရသေးကြောင်း” သာ လမ်းလွဲဖြေကြားထားပါတယ်။

Source;CNN