လူအများစုသည် သီချင်းနားထောင်ရန်၊ ပတ်ဝန်းကျင်ဆူညံသံများကို ပိတ်ဆို့ရန် သို့မဟုတ် အိပ်ပျော်ရလွယ်ကူစေရန်အတွက် ညဘက်တွင် နားကြပ် (Earbuds) များ တပ်ပြီး အိပ်လေ့ရှိကြသော်လည်း၊ ဤအမူအကျင့်သည် နားတွင်းပိုးဝင်ခြင်းနှင့် ရေရှည်အကြားအာရုံချို့ယွင်းခြင်းတို့ကို တိတ်တဆိတ်ဖြစ်ပွားစေနိုင်ကြောင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။
Stanford Medicine မှ ပညာရှင်များ၏အဆိုအရ နားတွင်းသို့ ကျပ်ထုတ်ရသော နားကြပ် (In-ear headphones) များသည် နားပြွန်အတွင်း အစိုဓာတ်ကို ပိတ်လှောင်ထားသဖြင့် ဗက်တီးရီးယားများ အလွယ်တကူ ပေါက်ဖွားနိုင်ပြီး နားတွင်းယားယံခြင်းနှင့် ပိုးဝင်ခြင်းတို့ကို ဖြစ်စေသည်။ အထူးသဖြင့် အိပ်ခါနီးမှ ရေချိုးတတ်သူများတွင် ပိုမိုအန္တရာယ်ရှိသည်။
နားကြပ်ကို အချိန်ကြာမြင့်စွာ တပ်ဆင်ထားခြင်းက နားဖာချေးများကို အတွင်းသို့ တွန်းပို့သကဲ့သို့ဖြစ်ကာ ပိတ်ဆို့မှု (Earwax Buildup) ဖြစ်စေပြီး နားအူခြင်း၊ နားအထဲက ပြည့်ကျပ်နေခြင်းနှင့် အကြားအာရုံလျော့နည်းခြင်းတို့ကို ခံစားရစေနိုင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သတ်မှတ်ချက်အရ ပုံမှန်စကားပြောသံဖြစ်သည့် ၆၀ မှ ၇၀ ဒီစီဘယ် (decibels) အဆင့်သည် ဘေးကင်းသော်လည်း၊ ၈၀ ဒီစီဘယ် အထက် အသံကျယ်ကျယ်ဖြင့် အချိန်ကြာမြင့်စွာ နားထောင်ပါက နားအကြားအာရုံကို ရေရှည်အပြီးတိုင် ပျက်စီးစေနိုင်သည်။
Noise-canceling (အပြင်သံပိတ်) နားကြပ်များ တပ်ဆင်ထားခြင်းကြောင့် ညဘက်တွင် မီးလန့်တက်သည့်အချက်ပေးသံ သို့မဟုတ် အရေးပေါ်အခြေအနေ သတိပေးသံများကို မကြားရဘဲ ဘေးအန္တရာယ်ကြုံတွေ့ရနိုင်သည်။
အကယ်၍ သင့်တွင် အောက်ပါလက္ခဏာများ ပြသလာပါက နားကြပ်တပ်ခြင်းကို ချက်ချင်းရပ်နားပြီး ဆရာဝန်နှင့် ပြသသင့်သည်။
- နားထဲက အမြဲတမ်း ယားယံနေခြင်း (Persistent itching)
- နားကိုက်ခြင်း၊ နားနာခြင်း (Ear pain)
- နားထဲမှ အရည်ထွက်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်ဘဲ အနံ့ဆိုးထွက်ခြင်း (Fluid leaking/Unusual odors)
- အသံများ အူပိတ်ပြီး မပီမသ ကြားရခြင်း (Muffled hearing)
အိပ်စက်ချိန်တွင် အသံနားထောင်ခြင်းကို မဖြစ်မနေ ပြုလုပ်လိုပါက အောက်ပါနည်းလမ်းများကို ပြောင်းလဲအသုံးပြုရန် ကျွမ်းကျင်သူများက အကြံပြုထားပါတယ်။
▪️နားတွင်းထဲသို့ ကျပ်မနေစေဘဲ ချောင်ချောင်ချိချိရှိသည့် နားကြပ်အမျိုးအစားများကို သုံးပါ။
▪️နားတစ်ခုလုံးကို အုပ်ပေးသည့် နားကြပ်အကြီး (Over-ear headphones) အမျိုးအစားများကို ပြောင်းသုံးပါ။
▪️အကောင်းဆုံးနည်းလမ်းအဖြစ် ခေါင်းအုံးအောက်တွင် ထည့်ရသည့် ခေါင်းအုံးစပီကာအပြား (Flat pillow speakers)များကို အသုံးပြုခြင်းဖြင့် နားတွင်းစိုထိုင်းမှုနှင့် ယားယံမှုအန္တရာယ်ကို လျှော့ချပါဗျာ။
Source; Pattaya Mail
