တရားမဝင် မြန်မာ ၄၃ ဦး တင်ဆောင်လာသည့် ဗန်းကား ရဲတပ်ဖွဲ့လိုက်ဖမ်းစဉ် တိမ်းမှောက်

ကန်ချနပူရီ၊ ဩဂုတ် ၆ (၂၀၂၆) – ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၌ တရားမဝင် မြန်မာအလုပ်သမား ၄၃ ဦးအား တင်ဆောင်လာသည့် ဗန်းကားတစ်စီးသည် ရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုကို မောင်းနှင်ထွက်ပြေးစဉ် လမ်းလယ်ကျွန်းကို တိုက်မိ တိမ်းမှောက်ခဲ့ပြီး အသက် ၃၄ နှစ်အရွယ် ထိုင်းယာဉ်မောင်းအား ဖမ်းဆီးရမိခဲ့ပါတယ်။
ဩဂုတ်လ ၅ ရက် နံနက်ပိုင်းတွင် စစ်ဆေးရေးဂိတ်အား မောင်းနှင်ထွက်ပြေးသည့် ဗန်းကား တိမ်းမှောက်သွားခဲ့ပြီး ခြေလျင်ထွက်ပြေးသူ ထိုင်းယာဉ်မောင်း ဝေါရာဖန် (Woraphan) အား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရမိခဲ့သည်။
မြန်မာအလုပ်သမားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနှင့် မလေးရှားသို့ သွားရောက်လုပ်ကိုင်ရန် တစ်ဦးလျှင် ဘတ် ၉၆,၀၀၀ မှ ၁၀၀,၀၀၀ အထိ ပွဲစားခ ပေးခဲ့ရသည်။ ယာဉ်မောင်းဖြစ်သူကမူ ဟက်ယိုင်သို့ ပို့ဆောင်ပေးရန် တစ်ဦးလျှင် ဘတ် ၂,၅၀၀ ရရှိမည်ဟု ကတိပြုထားသဖြင့် သယ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းအား တရားမဝင် လာရောက်သူများအား ကူညီသယ်ဆောင်ပေးမှုဖြင့် တရားစွဲဆိုထားပြီး မြန်မာနိုင်ငံသား ၄၃ ဦးအား တရားမဝင် ခိုးဝင်မှုဖြင့် ဘိုဖလွိုင်ရဲစခန်းသို့ လွှဲပြောင်း အရေးယူထားသည်။ (နောက်ဆက်တွဲအဖြစ် ရနောင်းမှ တရားမဝင် မြန်မာ ၂၀၀ ကိုလည်း ပြန်လည်လွှဲပြောင်း ပို့ဆောင်ခဲ့သည်)။

Source;Thaiger