ထိုင်းနိုင်ငံ စွမ်းအင်မူဝါဒ စီမံခန့်ခွဲမှု ကော်မတီ (EPAC) က ရေနံသန့်စင်ရေးမှ ရရှိသော ပိုလျှံ အကျိုးအမြတ် ဘတ် ၄.၄၇၅ ဘီလီယံကို အသုံးပြု၍ ဒီဇယ်ဆီ (High-speed diesel) စက်ရုံထွက် စျေးနှုန်းအား ဩဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ (၃၁ ရက်ကြာ) တစ်လီတာလျှင် ၂.၄၀ ဘတ် ထပ်မံ လျှော့ချပေးရန် အတည်ပြုလိုက်ပါတယ်ဗျာ။
ဩဂုတ် ၁၁ ရက်က စွမ်းအင်ဝန်ကြီး Akanat Promphan ဦးဆောင်ကျင်းပသည့် EPAC အစည်းအဝေးတွင် အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပြည်သူများ၏ ကုန်ဈေးနှုန်း ဝန်ထုပ်ဝန်ပိုးကို သက်သာစေရန် ရေနံသန့်စင်စက်ရုံများမှ ပိုလျှံအမြတ်ငွေများကို အသုံးပြု၍ ဆီစျေး လျှော့ချပေးခြင်းဖြစ်ပြီး ယခုအကြိမ်သည် ၆ ကြိမ်မြောက် (စုစုပေါင်း ထောက်ပံ့မှု ဘတ် ၁၇.၄၂၂ ဘီလီယံ) ဖြစ်သည်။
ဒီဇယ်ဆီအမျိုးအစားများ ဖြစ်ကြသည့် High-speed diesel B0၊ B7 နှင့် B20 တို့၏ စက်ရုံထွက်စျေးနှုန်းများတွင် ဩဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ တစ်လီတာလျှင် ၂.၄၀ ဘတ် လျှော့ချသွားမည်ဖြစ်သည်။
ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံသယ်ယူပို့ဆောင်ရေး အခြေအနေများနှင့် ကမ္ဘာ့ရေနံစိမ်း စျေးကွက် မတည်ငြိမ်မှုများကြောင့် စက်ရုံထွက် စျေးနှုန်းများ အတက်အကျ ရှိနေသဖြင့် အစိုးရဘက်က ပြည်သူများ သက်သာချောင်ချိရေးအတွက် ယခုကဲ့သို့ ဝင်ရောက် ညှိနှိုင်းပေးရခြင်း ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
Source;The Nation
