ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်နှင့် တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်ရှိသည့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် ရုရှားနိုင်ငံသားများအား သတိပေးချက်ထုတ်ပြန်လိုက်ပါသည်။ အမေရိကန်က ပြည်ပရောက် ရုရှားနိုင်ငံသားများကို “လိုက်လံဖမ်းဆီး” (Hunting) နေပြီး ၎င်းတို့အတွက် လုံခြုံမှုမရှိကြောင်း မော်စကိုက ပြင်းထန်စွာ စွပ်စွဲလိုက်ခြင်းဖြစ်သည်။
ဝါရှင်တန်အနေဖြင့် ရုရှားနိုင်ငံသားများကို ထိုင်းတွင် ဖမ်းဆီးရန် အမဲလိုက်သကဲ့သို့ လုပ်ဆောင်နေပြီး၊ ဖမ်းဆီးခံရသူများကိုလည်း စိတ်ပိုင်းဆိုင်ရာ ဖိအားပေး ခြိမ်းခြောက်လေ့ရှိကြောင်း ရုရှားဘက်က စွပ်စွဲသည်။
လွန်ခဲ့သည့်နှစ်များက ထိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် ရုရှားလက်နက်ကုန်သည် Viktor Bout နှင့် မကြာသေးမီက ဟက်ကာ Denis Obrezko တို့၏ ဖြစ်စဉ်များကို ရုရှားဘက်က ထောက်ပြသည်။
ရုရှားခရီးသွားအော်ပရေတာများအသင်းကမူ ဤအရေးသည် အလွန်ရှားပါးသော ဖြစ်ရပ်များသာဖြစ်ပြီး၊ သာမန်ရုရှားခရီးသွားများ (တစ်နှစ်လျှင် ၁.၈ သန်းကျော်) အနေဖြင့် စိုးရိမ်စရာမလိုကြောင်း အေးဆေးသဘောထားပြသထားသည်။
ရုရှားအစိုးရက ပြည်ပရောက် နိုင်ငံသားများအား မိမိတို့၏ သံရုံးနှင့် ဆက်သွယ်ရန် အမြဲအသင့်ရှိထားဖို့ ညွှန်ကြားထားသည်။ နိုင်ငံရေးအရ အမေရိကန်၏ ပစ်မှတ်ဖြစ်နိုင်ခြေရှိသူများသာ အထူးသတိပြုရန် လိုအပ်ပြီး၊ သာမန်ခရီးသွားများအနေဖြင့် ဥပဒေအတိုင်း နေထိုင်ပါက စိုးရိမ်စရာမရှိကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများက သုံးသပ်သည်။
Source;ThaiPBSWorld
