ထိုင်းနိုင်ငံအတွင်း လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေးအတွက် ဝန်ကြီးချုပ်ရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ ပူးတွဲအမိန့်ဖြင့် သေနတ်ပါမစ်အသစ် ထုတ်ပေးမှုများကို တစ်နှစ်တာ ရပ်ဆိုင်းလိုက်ကြောင်းနှင့် ၂၀၂၇ ခုနှစ် နိုဝင်ဘာ ၉ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ တားမြစ်ချက်အရ ဒေသဆိုင်ရာ မှတ်ပုံတင်အရာရှိများအနေဖြင့် ဝယ်ယူခွင့်ပါမစ် (P.3)၊ ကိုင်ဆောင်အသုံးပြုခွင့်ပါမစ် (P.4)၊ တင်သွင်း/မှာယူခွင့်ပါမစ်များနှင့် စီးပွားဖြစ် ထုတ်လုပ်၊ ပြင်ဆင်၊ ရောင်းချခွင့်ပါမစ်အသစ်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်သည်။ (လက်ရှိ လုပ်ကိုင်နေသည့် လက်နက်ဆိုင်များအနေဖြင့် သက်တမ်းတိုးခွင့် ဆက်လက်ရရှိမည်ဖြစ်သည်)။
ပြည်ထဲရေးဝန်ကြီး (ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူ) ၏ အထူးခွင့်ပြုချက်ဖြင့်သာ အောက်ပါအခြေအနေ ၄ ချက်တွင် ပါမစ်ရရှိနိုင်မည် ဖြစ်သည်-
၁။ လုံခြုံရေးလုပ်ငန်းများ: နိုင်ငံတော် ကာကွယ်ရေး သို့မဟုတ် အရေးကြီး အစိုးရပစ္စည်းများ စောင့်ရှောက်ရေး လုပ်ငန်းများ။
၂။ အားကစား: ပစ်ခတ်ရေး အားကစား လေ့ကျင့်မှု သို့မဟုတ် ပြိုင်ပွဲဝင်ရောက်ခြင်း။
၃။ တရားဝင် လွှဲပြောင်းမှု: ပါမစ်ကိုင်ဆောင်သူ သေဆုံးခြင်း သို့မဟုတ် ပါမစ်ကိုင်ဆောင်ခွင့် အရည်အချင်း ပျက်ယွင်းသွား၍ ဥပဒေအရ လွှဲပြောင်းခြင်း။
၄။ ကြိုတင်ဝယ်ယူထားသူများ: P.3 ပါမစ်ရရှိပြီး သေနတ်ဝယ်ယူထားသော်လည်း P.4 ပါမစ် မရသေးသူများ။ (ယင်းသူများအနေဖြင့် သေနတ်နှင့် ခဲယမ်းများကို သက်ဆိုင်ရာ တာဝန်ရှိသူထံ ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထား၍ အပ်နှံကာ လျှောက်ထားရမည်ဖြစ်ပြီး၊ သတ်မှတ်ရက် ကျော်လွန်ပါက တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အရေးယူခံရမည်)။
ဘန်ကောက်မြို့ ပြည်သူ့ပါတီ (People’s Party) လွှတ်တော်ကိုယ်စားလှယ် Jaroyut Jaturaporpasit က အဆိုပါအမိန့်သည် တရားဝင် လက်နက်ကိုင်ဆောင်သူများကိုသာ ပိုမိုတင်းကျပ်စေပြီး ရာဇဝတ်မှုများတွင် အသုံးပြုနေသည့် တရားမဝင် လက်နက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိကြောင်း နိုဝင်ဘာ ၁၁ ရက်က လွှတ်တော်တွင် ထောက်ပြဝေဖန်ခဲ့သည်။
ယခုကဲ့သို့ တင်းကျပ်မှုများ ပြုလုပ်လာခြင်းမှာ ပြီးခဲ့သည့် ဩဂုတ် ၇ ရက်က Debsirin Nonthaburi ကျောင်းတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု အပြီးတွင် အစိုးရအဖွဲ့က လက်နက်ပါမစ်များကို ယာယီရပ်ဆိုင်းခဲ့ရာမှ ယခုကဲ့သို့ တရားဝင် အမိန့်အဖြစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
Source;Thaiger
