ထိုင်းနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ Diphtheria သံသယလူနာ စုစုပေါင်း ၆၁ ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၈ ဦး သေဆုံးခဲ့ကြောင်း ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နိုင်ငံတစ်ဝန်းတွင် သံသယလူနာများ တွေ့ရှိရသော်လည်း အများစုမှာ တောင်ပိုင်းနယ်စပ် ၃ ခရိုင်နှင့် ဆုန်ခလာ (Songkhla) ခရိုင်ရှိ မြို့နယ် ၄ ခုတို့တွင် အစုလိုက်အပြုံလိုက် ဖြစ်ပွားနေခြင်းဖြစ်သည်။ အဆိုပါ တောင်ပိုင်းဒေသတွင် လူနာ ၂၁ ဦးနှင့် သေဆုံးသူ ၅ ဦးအထိ ရှိနေပြီး၊ နရာသီဝပ် (Narathiwat) ခရိုင်မှာ လူနာ ၁၀ ဦးဖြင့် အများဆုံးဖြစ်သည်။
လူနာများ၏ အသက်မှာ ၈ လသားအရွယ်မှ ၈၂ နှစ်အထိ ပါဝင်သော်လည်း အသက် ၄ နှစ်အောက် ကလေးငယ်များတွင် ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေပြီး လက်ရှိ သေဆုံးမှုနှုန်းမှာ ၁၃% အထိ ရှိနေသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကပ်ရောဂါအသွင် ကူးစက်ပျံ့နှံ့မှု မရှိသေးသော်လည်း ကာကွယ်ဆေးထိုးနှံမှု နည်းပါးသော ရပ်ကွက်/ကျေးရွာများတွင် နောက်ထပ် လူနာသစ်များ ထပ်မံပေါ်ပေါက်လာနိုင်ကြောင်း DDC ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Jurai Wongsawat က သတိပေးထားသည်။
ဆုံဆို့နာသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သည့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ အစာမျိုရခက်ခဲခြင်းနှင့် လည်ချောင်းအတွင်းဘက်၌ မီးခိုးရောင် အမြှေးပါးထူထူ ကပ်ငြိနေခြင်းတို့ ဖြစ်ပေါ်တတ်သည်။ ပြင်းထန်ပါက အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းနှင့် နှလုံးရောင်ရမ်းခြင်းတို့ ဖြစ်စေနိုင်သည်။
ဆုံဆို့နာသည် ကာကွယ်ဆေးဖြင့် အပြည့်အဝ ကာကွယ်နိုင်သော ရောဂါဖြစ်သဖြင့် မိဘများအနေဖြင့် မိမိတို့ ကလေးငယ်များ၏ ကာကွယ်ဆေးမှတ်တမ်းများကို စစ်ဆေးကာ လိုအပ်သည့် အကြိမ်ရေများ ပြည့်မီစေရန် နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အမြန်ဆုံး သွားရောက်ထိုးနှံကြရန် ကျန်းမာရေးအာဏာပိုင်များက တိုက်တွန်းနှိုးဆော်ထားပါတယ်။
Source;ThaiPBS
