ထိုင်းအစိုးရသည် နိုင်ငံခြားသားခရီးသွားများအတွက် လက်ရှိခွင့်ပြုထားသည့် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် (Visa-Free) အစီအစဉ်ကို ပြန်လည်သုံးသပ်နေပြီး နိုင်ငံအားလုံးကို အစုလိုက်ခွင့်ပြုထားရာမှ နိုင်ငံအလိုက် စိစစ်ခွင့်ပြုသည့်စနစ်သို့ ပြန်လည်ပြောင်းလဲရန် စီစဉ်နေသည်။ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၏ အဆိုအရ ယခုကဲ့သို့ ဗီဇာမူဝါဒ ပြောင်းလဲရခြင်းမှာ မလိုလားအပ်သည့် ဧည့်သည်များကို ပိုမိုထိရောက်စွာ စိစစ်နိုင်ရန်နှင့် နိုင်ငံစီးပွားရေးအတွက် အကျိုးဖြစ်ထွန်းစေမည့် အရည်အသွေးမြင့် ခရီးသွားများကိုသာ အဓိကထား ဆွဲဆောင်ရန်ဖြစ်ကြောင်း သိရသည်။
ကောက်ယူရရှိသည့် အချက်အလက်များအရ ခရီးသွား ၉၀ ရာခိုင်နှုန်းခန့်သည် ရက်ပေါင်း ၃၀ ထက်ပို၍ နေထိုင်လေ့မရှိခြင်းကြောင့် လက်ရှိရက် ၆၀ ခွင့်ပြုချက်မှာ လက်တွေ့ခရီးသွားဟန်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း ဝန်ကြီးဌာနက သုံးသပ်ထားသည်။ သို့ဖြစ်ရာ ရက်ရှည်နေထိုင်လိုသူများအနေဖြင့် ရက်ပေါင်း ၁၈၀ အထိ နေထိုင်ခွင့်ရှိသည့် Destination Thailand Visa (DTV) ကဲ့သို့သော အခြားဗီဇာအမျိုးအစားများကို အစားထိုးအသုံးပြုရမည်ဖြစ်သည်။ ထို့ပြင် အစိုးရအနေဖြင့် ဗီဇာစည်းမျဉ်းများ ပြင်ဆင်ရုံသာမက ပြည်တွင်းခရီးသွားကဏ္ဍ မြှင့်တင်ရန်အတွက် အခွန်လျှော့ပေါ့ပေးခြင်းနှင့် ကုန်ကျစရိတ်သက်သာစေမည့် အထူးအစီအစဉ်များကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Source; Nation
