အရက်မူးပြီးကားမောင်းတဲ့ အသက် (၈၀) အရွယ် အဘိုးအိုကြောင့် ဘဏ်ပျက်စီးပြီး ရဲ ၃ ဦး ဒဏ်ရာရ

Mukdahanခရိုင်၊ Nikhom Kham Soiမြို့နယ်ရှိ အစိုးရစုဆောင်းရေးဘဏ် (GSB) ခွဲအတွင်းသို့ အသက် (၈၀) အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော ပစ်ကပ်ကားတစ်စီး အရှိန်ပြင်းစွာ ဝင်တိုက်မှု ယနေ့ နံနက် ၁၁:၅၀ အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ စိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့သဖြင့် အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

အခင်းဖြစ်နေရာတွင် အစိမ်းရောင် Nissan ပစ်ကပ်ကားတစ်စီးမှာ ဘဏ်ရှေ့မျက်နှာစာ မှန်တံခါးများကို တိုက်မိကာ ရပ်တန့်နေပြီး ဘဏ်အတွင်းရှိ တိုကင်စက်၊ စနစ်ပိုင်းဆိုင်ရာပစ္စည်းများနှင့် Vespa ဆိုင်ကယ်တစ်စီးတို့ ပြင်းထန်စွာ ပျက်စီးဆုံးရှုံးခဲ့သည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ယာဉ်မောင်းဖြစ်သူ Mr. Banyat ၏ သွေးအတွင်း အယ်လ်ကိုဟော ပါဝင်မှုမှာ ၁၀၁ မီလီဂရမ် ရာခိုင်နှုန်း (101 mg%) အထိ ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယာဉ်မောင်း၏ မြေးဖြစ်သူက ၎င်း၏အဘိုးသည် သတိမေ့တတ်သည့် ဝေဒနာခံစားနေရသူ ဖြစ်ကြောင်းနှင့် အဆိုပါယာဉ်မှာ ပုံမှန်အားဖြင့် လယ်ယာလုပ်ငန်းခွင်၌သာ အသုံးပြုပြီး လမ်းမကြီးပေါ်တွင် မောင်းနှင်လေ့မရှိသော ယာဉ်အိုတစ်စီးဖြစ်ကြောင်း ထွက်ဆိုထားသည်။ လက်ရှိတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ယာဉ်မောင်းအား ထိန်းသိမ်းထားပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

Source; Thairath