ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များအတွက် ယူရို ၁၅ သန်းတန်ဖိုးရှိ စီမံကိန်းအသစ် EU စတင်

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များ မိမိကိုယ်ကိုယ် ရပ်တည်နိုင်ရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပေါင်းစည်းနိုင်ရေးတို့အတွက် ဥရောပသမဂ္ဂ (EU) က ယူရို ၁၅ သန်း (ဘတ် ၅၆၇ သန်းကျော်) တန်ဖိုးရှိသော ကူညီထောက်ပံ့မှု အစီအစဉ်သစ်တစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် ဘန်ကောက်မြို့၌ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

“Supporting Thailand’s Transition to Self-Reliance & Inclusion” ဟု အမည်ပေးထားသော ဤစီမံကိန်းသည် ၂၀၂၆ မှ ၂၀၂၈ ခုနှစ်အထိ ၃ နှစ်တာ ကာလအတွင်း မယ်ဟောင်ဆောင် (Mae Hong Son)၊ တာ့ခ် (Tak)၊ ကန်ချနာဘူရီ (Kanchanaburi) နှင့် ရာ့ချ်ဘူရီ (Ratchaburi) ခရိုင်ရှိ ယာယီခိုလှုံရာစခန်း ၉ ခုနှင့် စခန်းပြင်ပရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Ms. Luisa Ragher က ဤအစီအစဉ်သည် ဒုက္ခသည်များအား လူ့အသိုင်းအဝိုင်းတွင် တက်ကြွစွာ ပါဝင်နိုင်သူများဖြစ်လာစေရန် အားပေးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီမံကိန်း၏ အဓိကလုပ်ငန်းစဉ်များမှာ –

အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးခြင်း: IRC နှင့် မိတ်ဖက်အဖွဲ့များက ယူရို ၁၀.၅ သန်းဖြင့် စခန်းတွင်းရှိသူများ အလုပ်အကိုင်ရရှိရန် ပြင်ဆင်ပေးမည်။

ကျန်းမာရေးစောင့်ရှောက်မှု: Expertise France က ယူရို ၂ သန်းဖြင့် တာ့ခ်ခရိုင်ရှိ ကျန်းမာရေးစနစ်ကို မြှင့်တင်မည်။

ကလေးသူငယ်ကာကွယ်ရေး: UNHCR က ယူရို ၂.၅ သန်းဖြင့် ကလေးသူငယ်အခွင့်အရေးနှင့် နိုင်ငံတော်ဝန်ဆောင်မှုများအတွင်း ပါဝင်ခွင့်ရရှိရေး ဆောင်ရွက်မည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယခုကဲ့သို့ ရန်ပုံငွေတိုးမြှင့် ထောက်ပံ့မှုကို ကြိုဆိုခဲ့ပြီး ဒုက္ခသည်များအား တရားဝင်အလုပ်အကိုင်နှင့် ဝန်ဆောင်မှုများ လက်လှမ်းမီစေမည့် ထိုင်းအစိုးရ၏ မူဝါဒအပြောင်းအလဲများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်ရှိ စခန်းများ၌ မြန်မာဒုက္ခသည် ၈၀,၀၀၀ ကျော် ခိုလှုံနေကြရဆဲ ဖြစ်သည်။

Source; Khaosod English