ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ပရီဒီဘနွန်ယွန်း (Pridi Banomyong) နယ်မြေရှိ
အပြည်ပြည်ဆိုင်ရာကျောင်းတစ်ကျောင်းသည် တရားဝင်ကျောင်းတည်ထောင်ခွင့်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့်အပြင် မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံသား ဆရာ/ဆရာမ ၆ ဦးကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ခန့်အပ်ထားကြောင်း စုံစမ်းတွေ့ရှိရသဖြင့် ထိုင်းအာဏာပိုင်များက ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက် တွင် ဝင်ရောက်စစ်ဆေး အရေးယူခဲ့ပါတယ်ဗျာ။
လိုင်စင်မဲ့ ကြော်ငြာသင်ကြားခြင်း: အဆိုပါကျောင်းသည် ပုဂ္ဂလိကပညာရေးကော်မရှင်ရုံး (OPEC) ၏ ခွင့်ပြုချက်မရှိဘဲ မူကြိုမှ အထက်တန်းအဆင့်အထိ ကျောင်းသားလက်ခံကြောင်း အွန်လိုင်းတွင် ကြော်ငြာကာ နိုင်ငံခြားသင်ရိုးညွှန်းတမ်းများဖြင့် တရားမဝင် ဖွင့်လှစ်သင်ကြားခဲ့သည်။
ဝေါ့ပါမစ်မဲ့ လုပ်သားခန့်အပ်မှု: စစ်ဆေးချိန်တွင် ဘာသာရပ်အသီးသီး သင်ကြားနေသော ဆရာ/ဆရာမများအနက် မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံသား ၆ ဦးတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လုံးဝမရှိသည်ကို ဖမ်းဆီးရမိခဲ့သဖြင့် ကလောင်တန်ရဲစခန်း (Khlong Tan) တွင် အမှုဖွင့်တိုင်ကြားထားသည်။
ကျောင်းသားနှင့် မိဘများ ထိခိုက်နိုင်မှု: လိုင်စင်မဲ့ကျောင်းများတွင် တက်ရောက်ပါက ရုတ်တရက်ကျောင်းပိတ်ရမည့်အန္တရာယ် ရှိသည့်အပြင် ရရှိလာမည့် အောင်လက်မှတ်များကိုလည်း ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုမည်မဟုတ်ကြောင်း သတိပေးထားသည်။ တရားဝင်ကျောင်းစာရင်းကို school.opec.go.th တွင် စစ်ဆေးနိုင်သည်။
ထိုင်းနိုင်ငံရှိ ကျောင်းများနှင့် သင်တန်းကျောင်းများတွင် ဆရာ/ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့လုပ်ကိုင်မည့်ကျောင်းသည် တရားဝင်လိုင်စင်ရှိမရှိနှင့် မိမိတို့အတွက် Non-B ဗီဇာ၊ ဝေါ့ပါမစ်တို့ကို စနစ်တကျ လုပ်ဆောင်ပေးခြင်း ရှိ၊ မရှိကို မပြတ်စစ်ဆေးရပါမည်။ ဗီဇာနှင့် ဝေါ့ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ပါက ထိုင်းဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြည်နှင်ဒဏ် အထိ ပေးခံရနိုင်ပါတယ်။
Source;The Nation
