အာရှ-ပစိဖိတ်ဒေသတွင် ကြက်ငှက်တုပ်ကွေး H5N1 ပိုမိုပျံ့နှံ့လာ

ပြင်းထန်ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် (H5N1) သည် အာရှ-ပစိဖိတ်ဒေသအတွင်းသို့ ပိုမိုပျံ့နှံ့လာနေပြီး၊ ဩစတြေးလျရှိ ဒေသခံပင်လယ်ငှက်နှင့် ဖိလစ်ပိုင်ရှိ အိမ်မွေးကြက်များတွင် စတင်တွေ့ရှိရသဖြင့် တာဝန်ရှိသူများ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဩစတြေးလျ (ဒေသခံငှက်ပထမဆုံးမိ) တောင်ပိုင်းကမ်းခြေမြို့တစ်မြို့ရှိ ဒေသခံပင်လယ်ငှက် (Greater Crested Tern) တွင် H5N1 ပိုး ဓာတ်ခွဲခန်းစစ်ဆေးတွေ့ရှိခဲ့သည်။ ယခင်က ရွှေ့ပြောင်းငှက်များတွင်သာ မိဖူးသော်လည်း ယခုအခါ ပြည်တွင်းရှိ ဒေသခံငှက်များထဲသို့ ပိုးစတင်ကူးစက်ဝင်ရောက်လာခြင်း ဖြစ်သည်။

ဖိလစ်ပိုင် (ကြက်အုပ်စုကို သုတ်သင်) အိုရီယမ်တယ် မင်ဒိုရိုပြည်နယ်ရှိ ကျေးလက်အိမ်မွေးကြက်ခြံငယ်တစ်ခုတွင် ကူးစက်မှုတွေ့ရှိရသဖြင့် ရောဂါမပြန့်ပွားစေရန် ခြံရှိကြက် ၃၉ ကောင်စလုံးကို အာဏာပိုင်များက ချက်ချင်းသုတ်သင် ရှင်းလင်းခဲ့သည်။

၂၀၂၁ ခုနှစ်မှစတင်ကာ ဤဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် တိရစ္ဆာန်သန်းနှင့်ချီ သေဆုံးခဲ့ပြီးဖြစ်သည်။ မွေးမြူရေးကဏ္ဍအတွင်းသို့ ကူးစက်ပါက စားသောက်ကုန်ပြတ်တောက်ခြင်းနှင့် ကြက်/ဥဈေးနှုန်းများ မြင့်တက်ခြင်းတို့အပြင်၊ လူသားများထံသို့ ကူးစက်ပြောင်းလဲသွားနိုင်သည့် အန္တရာယ် ရှိနေသဖြင့် ကမ္ဘာ့အစိုးရများက အထူးစောင့်ကြည့်နေကြသည်။

Source;The Nation