ထိုင်းနိုင်ငံတွင် ကင်ဆာရောဂါ ရှာဖွေစစ်ဆေးမှု ပိုမိုမြန်ဆန်၍ တိကျမှုရှိစေရန်အတွက် ထိုင်းနိုင်ငံ ရောဂါဗေဒဆိုင်ရာ ရာဇကောလိပ် (Royal College of Pathologists of Thailand) နှင့် ထိုင်းနိုင်ငံ ဆေးပညာဆိုင်ရာ ကင်ဆာရောဂါဗေဒ အသင်းတို့ ပူးပေါင်း၍ AI နည်းပညာ အသုံးပြုရေး လမ်းညွှန်ချက်များကို စတင်ရေးဆွဲ ဆောင်ရွက်နေပါတယ်။
ထိုင်း အမျိုးသား ကင်ဆာဌာန (NCI) ၏ စာရင်းများအရ ထိုင်းနိုင်ငံတွင် တစ်နှစ်လျှင် ကင်ဆာလူနာသစ် ၁၄၀,၀၀၀ ခန့် (တစ်ရက်လျှင် လူနာ ၃၈၀ မှ ၄၀၀ ခန့်) ရှိပြီး အနှစ်စဉ် ၃ % ခန့် တိုးတက်လျက်ရှိသည်။
ထိုင်းတစ်နိုင်ငံလုံး၌ ရောဂါဗေဒ အထူးကု ဆရာဝန် ၅၀၀ ခန့်သာရှိပြီး ယင်းတို့၏ ၆၀ % ခန့်မှာ ဘန်ကောက်မြို့၌ သာ ရှိနေသည်။ တစ်နှစ်လျှင် အထူးကု ဆရာဝန်သစ် ၃၀ ခန့်သာ ထွက်ရှိသဖြင့် တိုးတက်လာသော လူနာဦးရေနှင့် စစ်ဆေးရမည့် ဓာတ်ခွဲနမူနာများကို အမီလိုက်နိုင်ရန် ခက်ခဲလျက်ရှိသည်။
AI နည်းပညာသည် ရောဂါရှာဖွေ စစ်ဆေးခြင်း၊ ရောဂါအမှတ်အသား ဖော်ထုတ်ခြင်းနှင့် စစ်ဆေးချက် ရလဒ်များအား ခွဲခြမ်းစိတ်ဖြာခြင်းတို့တွင် များစွာ အထောက်အကူပြုနိုင်သော်လည်း လူသား ဆရာဝန်များကို အစားထိုးမည် မဟုတ်ဘဲ အဓိက ကူညီပေးသူအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။
အဓိက ဦးစားပေး ဆောင်ရွက်ချက်များ:
1.တစ်နိုင်ငံလုံးရှိ ရောဂါဗေဒ ဆရာဝန်များ၏ AI ဆိုင်ရာ ကျွမ်းကျင်မှု မြှင့်တင်ပေးရန်။
2.အမျိုးသားအဆင့် ဒစ်ဂျစ်တယ် ရောဂါဗေဒ အချက်အလက် ဘဏ် (National Digital Pathology Repository) တည်ဆောက်ရန်။
3.ကျန်းမာရေး အာမခံနှင့် ဆေးဝါး ကုန်ကျစရိတ် ပြန်လည် ထုတ်ယူနိုင်ရေး စံနှုန်းများ သတ်မှတ်ရန်။
4.ဘေးကင်းလုံခြုံ၍ ကျင့်ဝတ်နှင့်ညီသော AI နည်းပညာ စံချိန်စံညွှန်းများ ထုတ်ပြန်ပေးရန်။
ယခု ပူးပေါင်းဆောင်ရွက်မှုသည် ထိုင်းနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွင်း ကင်ဆာလူနာများ ပိုမို တိကျစွာ ရောဂါရှာဖွေ ကုသမှု ရရှိနိုင်စေရန်အတွက် အရေးပါသော ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။
Source;Thairath
