ထိုင်းနိုင်ငံမြောက်ပိုင်း၊ လွိုင်(အ်)ခရိုင် ၏ အထင်ကရ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် “ဘွန်လွန်နှင့် ဖီတာခွန်း ပွဲတော် ၂၀၂၆” (Bun Luang and Phi Ta Khon Festival 2026) ကို ယမန်နေ့ (ဇွန်လ ၂၁ ရက်) က ဒန်ဆိုင်းမြို့နယ် (Dan Sai) ၌ ခမ်းနားထည်ဝါစွာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး မစ္စတာ အနုထင် ချာန်ဝီရကူးလ် (Anutin Charnvirakul) ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ဝန်ကြီးချုပ် အနုထင်က ဤပွဲတော်သည် လမ်းမပေါ်က ပျော်ပွဲရွှင်ပွဲသက်သက်မဟုတ်ဘဲ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာသည့် ဒေသခံတို့၏ ယုံကြည်ကိုးကွယ်မှုဖြစ်ပြီး၊ အလွယ်တကူ ကော်ပီကူး၍မရသော အမျိုးသားအဆင့် စီးပွားရေးတွန်းအားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပွဲတော်ကျင်းပရာ ဒန်ဆိုင်းမြို့နယ်နှင့် အနီးနားရှိ ဖူးရူအာမြို့နယ်တို့ရှိ ဟိုတယ်၊ တည်းခိုခန်း ကြိုတင်ဘွတ်ကင်လုပ်မှုများသည် ယခုအခါ ၁၀၀ ရာခိုင်နှုန်းပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
၃ ရက်တာ ကျင်းပမည့် ဤပွဲတော်အတွင်း ပြည်တွင်း/ပြည်ပ ခရီးသွား အနည်းဆုံး ၁ သိန်းကျော် ဝင်ရောက်ရန် သေချာသလောက်ရှိနေပြီး၊ ဒေသခံစီးပွားရေးလုပ်ငန်းများအတွက် အနည်းဆုံး ထိုင်းဘတ် ၁၈၈ သန်း ချက်ချင်းလည်ပတ်ဝင်ရောက်လာမည် ဖြစ်သည်။ (လူဦးရေ ၁၇၀,၀၀၀ ကျော် လာရောက်ခဲ့သည့် ၂၀၂၅ ခုနှစ်ထက် မိုးရာသီ ခရီးသွားလာမှု ပိုမိုအားကောင်းလာခြင်းဖြစ်သည်)
ထိုင်းနိုင်ငံ၏ “သရဲမျက်နှာဖုံးပွဲတော်” ဟု လူသိများသည့် ဤပွဲတော်သည် ဗုဒ္ဓဘာသာ စာပေလာ ဝေဿန္တရာဇာတ်တော်ထဲမှ ဘုရားလောင်း ဝေဿန္တရာမင်းကြီးနှင့် မဒ္ဒီဒေဝီတို့ တိုင်းပြည်သို့ ပြန်လည်ကြွချီလာချိန်တွင် တောတွင်းရှိ ဘီလူးသရဲတစ္ဆေများကပါ မင်းကြီးကို ချစ်ခင်ကြည်ညိုလွန်းသဖြင့် ဝမ်းသာအားရ လိုက်ပါလာကြသည်ကို အစွဲပြု၍ ကျင်းပခြင်း ဖြစ်သည်။ ဒေသခံများက ရောင်စုံမျက်နှာဖုံးကြီးများနှင့် ထူးခြားဆန်းပြားသည့် ဝတ်စုံကြီးများကို ဝတ်ဆင်ကာ လမ်းမပေါ်တွင် တပျော်တပါး ကခုန်ကြခြင်း ဖြစ်ပါတယ်။
Source;The Nation
