ထိုင်းနိုင်ငံ၌ အမဲသားများနီရဲစေရန် တားမြစ်ဓာတုဆေးဝါး သုံးစွဲသည့် ဂိုဏ်းအား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ အလယ်ပိုင်း ခရိုင် ၅ ခုရှိ နွားကောင်ရေ ၁,၀၀၀ နီးပါးတွင် လူကို အသက်အန္တရာယ် ပေးနိုင်သော တားမြစ်ဓာတုဆေးဝါး (Salbutamol) များ အသုံးပြု၍ အမဲသား နီရဲစိုပြည်စေရန် ပြုလုပ်နေသည့် တရားမဝင် ဆေးဝါးဖြန့်ဖြူးသူအား ရဲတပ်ဖွဲ့က ၈ လကြာ စုံစမ်းစစ်ဆေးပြီးနောက် အပြီးသတ် ဖမ်းဆီးအရေးယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

စက်တင်ဘာ ၄ ရက်နေ့တွင် အသက် ၅၀ ကျော်အရွယ် “မစ္စတာ အက်ခ် (Mr Ek)” ဆိုသူအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၁၉၉၆ ခုနှစ်ကတည်းက တိရစ္ဆာန်အစာ ရောင်းဝယ်ရေး နယ်ပယ်တွင် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး၊ လက်ရှိတွင် တရားဝင် လိုင်စင်မရှိဘဲ တားမြစ်ဓာတုဆေးဝါးများကို မှောင်ခိုဖြန့်ဖြူးနေသူဖြစ်သည်။

ပထုံဌာနီ၊ သရဘူရီ၊ သုဖန်ဘူရီ၊ ကန်ချနဘူရီ နှင့် ဖက်ချ်ဘူရီ ခရိုင် ၁၆ နေရာကို ဝင်ရောက်စီးနင်းခဲ့ရာ ဘတ် ၃၂ သန်းတန်ဖိုးရှိ တိရစ္ဆာန်အစာနှင့် စက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် တရားခံ၏ ဘဏ်စာရင်းများအတွင်း ဘတ် ၈၀ သန်းကျော် ငွေကြေးစီးဆင်းမှု ရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

စားသုံးသူ ကာကွယ်ရေး ရဲတပ်ဖွဲ့ (CPPD) နှင့် မွေးမြူရေးဌာနတို့သည် ဖေဖော်ဝါရီလမှ စတင်၍ ဈေးကွက်များမှ အမဲသားနမူနာများကို စစ်ဆေးခဲ့ရာ တားမြစ်ဆေးတွေ့ရှိသဖြင့် သားသတ်ရုံ၊ နွားမွေးမြူရေးခြံများနှင့် အစာထုတ်လုပ်သည့် စက်ရုံများအထိ ကွင်းဆက်လိုက်လံ စုံစမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆေးဝါးသည် လူများတွင် ရင်ကြပ်ရောဂါအတွက် ကုသရန် တရားဝင် အသုံးပြုသော်လည်း၊ နွားများတွင် အဆီလျော့၍ အသားနီရဲစေရန် တရားမဝင် ထည့်သွင်းကျွေးမွေးလေ့ရှိသည်။

ဆေးဓာတ်ကြွင်းများ ပါဝင်သည့် အမဲသားကို စားသုံးမိပါက –

-သာမန် လက္ခဏာ: နှလုံးခုန် မြန်ခြင်း/ပုံမမှန်ခြင်း၊ လက်တုန်ခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းမူးခြင်းတို့ ဖြစ်ပွားနိုင်သည်။

-စိုးရိမ်ရသည့် အုပ်စုများ: နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်များ စားသုံးမိပါက အသက်အန္တရာယ် အထိ ထိခိုက်စေနိုင်သည်။

မွေးမြူရေး ဦးစီးဌာနက ပြည်သူများ အနေဖြင့် စိစစ်ထားခြင်းမရှိသော အမဲသားများကို ဝယ်ယူစားသုံးခြင်း မပြုကြရန်နှင့် မွေးမြူရေးသမားများ အနေဖြင့်လည်း အဆိုပါ တားမြစ်ဓာတုဆေးဝါးများကို လုံးဝ အသုံးမပြုကြရန် သတိပေးထားသည်။

Source;Bangkok Post