မိခင်ဘုရင်မကြီးအတွက် ‘ကုန်းတက်’ ကုသိုလ်ပြုပွဲသို့ ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီး တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ညနေပိုင်းက ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီး Suthida တို့သည် မိခင်ဘုရင်မကြီး Sirikit (The Queen Mother) အား ရည်စူး၍ ကျင်းပသည့် “ကုန်းတက်” (Kong Tek) ခေါ် တရုတ်ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ ကုသိုလ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားကို Grand Palace နန်းတော်အတွင်းရှိ Dusit Maha Prasat နန်းဆောင်၌ တရုတ်ဗုဒ္ဓဘာသာ ရဟန်းတော်များက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးတို့သည် ရုပ်ကလပ်တော်ရှေ့၌ ဖယောင်းတိုင်၊ အမွှေးတိုင်များ ထွန်းညှိပူဇော်ခဲ့ကြပြီးနောက် ရဟန်းတော် ၂၁ ပါးက ဝိညာဉ်တော်အား သံသရာဝဋ်မှ ကူးမြောက်စေရန် ရည်ရွယ်သည့် “တံတားကူးခြင်း” ထုံးတမ်းကို ဆောင်ရွက်ခဲ့ကြသည်။ ဘုရင်မင်းမြတ်သည် တံတားစောင့်နတ်မင်းအား ပူဇော်ခြင်း၊ တံတား၏ ထိပ်နှစ်ဖက်၌ ဒင်္ဂါးပြားများ ကြဲပက်ခြင်းနှင့် ရွှေစက္ကူ၊ ငွေစက္ကူများ မီးရှို့ပူဇော်ခြင်းတို့ဖြင့် ကွယ်လွန်သူ၏ ဝိညာဉ်တော်အတွက် အမျှအတန်း ပေးဝေခဲ့ပါသည်။

ထို့ပြင် မဟာယာန ဗုဒ္ဓဘာသာ ရှေးထုံးစဉ်လာနှင့်အညီ မိခင်ဘုရင်မကြီး နောင်ဘဝတွင် အသုံးပြုနိုင်ရန် ရည်စူး၍ နန်းတော်ပုံစံတူ၊ တော်ဝင်ကားနှင့် ဝတ်စုံပုံစံတူ စက္ကူလက်ရာများကိုလည်း မီးရှို့ပူဇော်ခဲ့ကြသည်။ ဤ “ကုန်းတက်” ကုသိုလ်ပြုပွဲသည် ကွယ်လွန်သူ မိဘဘိုးဘွားများအပေါ် ထားရှိသည့် ဂါရဝတရားနှင့် ကျေးဇူးဆပ်ခြင်းကို ဖော်ကျူးသည့် ခမ်းနားလေးနက်သော တော်ဝင်အခမ်းအနားတစ်ခု ဖြစ်ပါသည်။

Source; Nation