ထိုင်းနိုင်ငံ ခရိုင် ၂၇ ခုနှင့် ဘန်ကောက်တွင် ရေကြီးမှု ဆက်လက်ဆိုးရွား၊ သေဆုံးသူ ၅၂ ဦးအထိ ရှိလာ

ထိုင်းနိုင်ငံ မြောက်ပိုင်းမှ ဆင်းလာသည့် မြစ်ရေများ၊ တောင်ကျရေများနှင့် အလယ်ပိုင်း၊ အရှေ့ပိုင်းဒေသများ၌ မိုးဆက်တိုက် ရွာသွန်းမှုတို့ကြောင့် မြို့တော် ဘန်ကောက် (Bangkok) အပါအဝင် ခရိုင်ပေါင်း ၂၇ ခုတွင် ရေဘေးဒုက္ခ ဆိုးရွားစွာ ကြုံတွေ့နေရပြီး၊ ပြည်သူ ၃.၁၆ သန်းကျော် ရေဘေးသင့်ကာ သေဆုံးသူ ၅၂ ဦးအထိ မြင့်တက်လာကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး ဦးစီးဌာန (DDPM) က အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်လိုက်ပါတယ်။

DDPM ၏ စိစစ်ချက်အရ အောက်တိုဘာ ၇ ရက် နံနက် ၆:၀၀ နာရီအထိ ခရိုင် ၂၇ ခုရှိ မြို့နယ် ၁၂၃ မြို့နယ်၊ ကျေးရွာပေါင်း ၇,၂၁၅ ရွာ၊ အိမ်ထောင်စုပေါင်း ၁.၁၅ သန်းကျော် (ပြည်သူ ၃,၁၆၀,၉၇၂ ဦး) ရေဘေးသင့်နေရသည်။

သေဆုံးသူ အများဆုံး ခရိုင်များ:

-ပရာချင်ဘူရီ (Prachin Buri): သေဆုံးသူ ၁၉ ဦးအထိ ရှိပြီး အိမ်ထောင်စု ၅၉,၉၃၄ စု ရေမြုပ်နေကာ ရေအမှတ်မှာ ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။

-ဆမွတ် ပရာကန် (Samut Prakan): သေဆုံးသူ ၉ ဦးရှိပြီး အိမ်ထောင်စု ၂၂၃,၃၄၆ စု ရေဘေးသင့်နေသည်။

-ဆူဖန်းဘူရီ (Suphan Buri): သေဆုံးသူ ၅ ဦး၊ ဘန်ကောက် (Bangkok): သေဆုံးသူ ၄ ဦးနှင့် အိမ်ထောင်စု ၃၂၉,၀၀၀ စု ထိခိုက်ထားသည်။

-နခွန်နာယို့ (Nakhon Nayok): သေဆုံးသူ ၄ ဦး၊ ပထုမ်ဌာနီ (Pathum Thani): သေဆုံးသူ ၂ ဦး ရှိပြီး အခြား ခရိုင်များတွင်လည်း သေဆုံးမှုများ ရှိခဲ့သည်။

ပရာချင်ဘူရီ၊ ဆမွတ် ပရာကန်၊ ပထုမ်ဌာနီ၊ ဆူဖန်းဘူရီ၊ အယုဒ္ဓယ (Ayutthaya)၊ အင်ထောင်း (Ang Thong)၊ စင်းဘူရီ၊ ရာချ်ဘူရီ၊ ဆမွတ် ဆွန်ခရမ်နှင့် ဆာချိုအင်ဆာအို တို့တွင် မြစ်ရေ ဆက်လက် မြင့်တက်နေသည်။

မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ လန်းဖုန်း၊ နန်၊ ဖယားအို၊ တာ့ခ်နှင့် နခွန်စဝမ် စသည့် မြောက်ပိုင်း ခရိုင်များတွင် မိုးလျော့သွားသဖြင့် ရေပြန်ကျနေပြီဖြစ်သည်။ ထို့ပြင် ဘန်ကောက်၊ လော့ဘူရီ၊ ကန်ချနဘူရီနှင့် စရာဘူရီတို့တွင်လည်း ရေပြန်လည် လျော့ကျလာနေပြီ ဖြစ်သည်။

DDPM နှင့် ပူးပေါင်းအဖွဲ့များသည် ရေစုပ်စက်များ၊ ကယ်ဆယ်ရေး ယာဉ်များနှင့် ဝန်ထမ်းများကို ၂၄ နာရီပတ်လုံး ဖြန့်ကျက်ထားပြီး၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ အစားအစာ၊ သောက်ရေသန့်၊ ဆေးဝါးနှင့် ကယ်ဆယ်ရေး အသုံးအဆောင်များ ပို့ဆောင်ပေးလျက် ရှိသည်။

ရေပြန်ကျသွားသည့် ဒေသများ၌ ပျက်စီးသွားသော နေအိမ်များနှင့် ပစ္စည်းဥစ္စာများကို စာရင်းကောက်ယူ၍ ထောက်ပံ့ကြေးများ ချက်ချင်း ထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။

Source;Thaiger