ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ အမ်နတ်ချာရွန်ခရိုင် (Amnat Charoen) တွင် ရေကျော်ဆည် တည်ဆောက်ရေးလုပ်ငန်းခွင်၌ ဖျော်စပ်ပြီးကွန်ကရစ်ကား (Concrete Mixer Truck) ပေါ်မှ မော်တာကျည်ဆန်း (Mortar Shell) တစ်လုံး ကွန်ကရစ်များနှင့်အတူ ပြုတ်ကျလာသဖြင့် ဆောက်လုပ်ရေးအလုပ်သမားများ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက် နံနက် ၁၁:၃၀ နာရီအချိန်တွင် အမ်နတ်ချာရွန်မြို့နယ်၊ ကိုက်ခမ်းကျေးရွာအုပ်စု (Kai Kham Subdistrict) ရှိ ရေကျော်ဆည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အလုပ်သမားများ ကွန်ကရစ်လောင်းပြီး မျက်နှာပြင်ညှိနေစဉ် အဆိုပါဗုံးသီး ထွက်လာခြင်းဖြစ်သည်။
အသက် ၆၉ နှစ်အရွယ် အလုပ်သမားကြီး ဦးဝီရ (Veera Pharawech) ၏ ပြောပြချက်အရ ကွန်ကရစ်ကားပေါ်မှ ပစ္စည်းတစ်ခု ပြုတ်ကျလာရာ ပထမတွင် ပုလင်းအဟောင်းအမှတ်ဖြင့် ကောက်ကိုင်ကြည့်မိရာမှ ဗုံးသီးမှန်းသိသဖြင့် အလုပ်သမားများအားလုံး လန့်ဖျန့်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြသည်။
ဦးဝီရသည် သတိထားကာ အဆိုပါ မော်တာကျည်ဆန်းကို လုပ်ငန်းခွင်နှင့် ဝေးရာသို့ ရွှေ့ဆိုင်းပြီး ကားတာယာတစ်ခုဖြင့် အပေါ်မှ အုပ်ထားကာ ရဲတပ်ဖွဲ့ထံ ချက်ချင်းအကြောင်းကြားခဲ့သည်။ (၎င်းက အကယ်၍ ထိုအချိန်တွင် ပေါက်ကွဲခဲ့ပါက အလုပ်သမားအများအပြား သေဆုံးဒဏ်ရာရနိုင်ကြောင်း ပြောကြားခဲ့သည်။)
သတင်းရရှိပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့သည် ကာကွယ်ရေးနှင့် ဖောက်ခွဲရေးပစ္စည်း ဖျက်ဆီးရေးအဖွဲ့ (EOD) နှင့် ချက်ချင်းချိတ်ဆက်ကာ ရောက်ရှိလာခဲ့သည်။EOD ကျွမ်းကျင်ပညာရှင်များက ကားတာယာအောက်ရှိ မော်တာကျည်ဆန်းကို အထူးသတိထားကာ ဘေးကင်းစွာ ဆယ်ယူခဲ့ပြီးနောက်၊ အဆိုပါ ပေါက်ကွဲစေတတ်သော ကိရိယာကို သတ်မှတ်ထားသည့် စနစ်တကျနည်းလမ်းဖြင့် အောင်မြင်စွာ ဖျက်ဆီးရှင်းလင်းပေးခဲ့သည်။
တာဝန်ရှိသူများ၏ ကနဦးသုံးသပ်ချက်အရ အဆိုပါ မော်တာကျည်ဟောင်းသည် ကွန်ကရစ်ဖျော်စပ်ရာတွင် အသုံးပြုသည့် မဲခေါင်မြစ်အတွင်းမှ ဆွဲတင်ရရှိသော သဲများထဲတွင် ပါဝင်လာခဲ့ပြီး ကွန်ကရစ်စက်ရုံမှတစ်ဆင့် ဖျော်စပ်ပြီးသားကားအတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း သိရပါတယ်။
Source;Thairath
