ထိုင်းမြောက်ပိုင်း ဒေသများတွင် ရုတ်တရက် ရေကြီးရေလျှံမှု၊ တောင်ကျရေဆင်းမှုနှင့် မိုးခေါင်မှု အန္တရာယ်များကို ရင်ဆိုင်နိုင်ရန်အတွက် ၂၄ နာရီပတ်လုံး လှုပ်ရှားမည့် အရေးပေါ် ကွပ်ကဲရေးစင်တာများ ချက်ချင်းတည်ထောင်ရန်နှင့် အရေးပေါ် ရန်ပုံငွေများ အသုံးပြု၍ ကူညီပေးရန် ထိုင်းအစိုးရက ခရိုင်အုပ်ချုပ်ရေးမှူးများအား ညွှန်ကြားလိုက်ပါတယ်။
ရာသီဥတု ခန့်မှန်းရခက်ခဲမှုကြောင့် ဒေသတွင်း ကွပ်ကဲရေးစင်တာများ ဖွင့်လှစ်ကာ ကယ်ဆယ်ရေး ဝန်ထမ်းများ၊ စက်ယန္တရားများနှင့် ရေစုပ်စက်များကို ၂၄ နာရီ အဆင်သင့် ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။
ဘေးအန္တရာယ် ကျရောက်နိုင်ချေ မြင့်မားသည့် ဒေသများတွင် ထိခိုက်ပျက်စီးမှု နည်းပါးစေရန်အတွက် အစိုးရ၏ အရေးပေါ် ဘတ်ဂျက်များကို ကြိုတင်ထုတ်ယူ သုံးစွဲခွင့် ပြုထားပြီး၊ ရုံးလုပ်ငန်းစဉ်များကြောင့် ကူညီရေး လုပ်ငန်းများ မနှောင့်နှေးစေရန် မှာကြားထားသည်။
ဒေသတွင်း လုပ်ဆောင်နိုင်စွမ်း ထက်ကျော်လွန်ပါက စစ်ဘက်ဆိုင်ရာ တပ်ရင်းများနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စင်တာများထံမှ အကူအညီ ချက်ချင်းတောင်းခံရန် ညွှန်ကြားထားသည်။
ဘေးလွတ်ရာ ရွှေ့ပြောင်းရပါက သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ အပါအဝင် ထိခိုက်လွယ်သည့် အုပ်စုများကို ဦးစားပေး ကူညီမည်ဖြစ်ပြီး၊ ရေဘေးသင့်ပြီးပါကလည်း လျှော်ကြေးငွေများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်သည်။
မိုးခေါင်နိုင်ခြေရှိသော ဒေသများအတွက် သောက်သုံးရေ သိုလှောင်ခြင်းနှင့် စိုက်ပျိုးရေး လုပ်ကိုင်သူများအတွက် သီးနှံစိုက်ပျိုးချိန် ညှိနှိုင်းပြင်ဆင်ခြင်းများကို ရေရှည်စီမံကိန်းအဖြစ် လုပ်ဆောင်သွားမည်ဖြစ်သည်။
Source;Khaosod
ထိုင်းမြောက်ပိုင်း၌ ရေကြီးမှုနှင့် မိုးခေါင်မှုများအား တုံ့ပြန်ရန် ၂၄ နာရီ ကွပ်ကဲရေးစင်တာများ ဖွင့်လှစ်ရန် အစိုးရ အမိန့်ထုတ်
