ထိုင်းနိုင်ငံ၊ တက် (Tak) ခရိုင်၊ အမှတ် (၁၂) အဝေးပြေးလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကို ရှောင်ကွင်းထွက်ပြေးရန် ကြိုးပမ်းခဲ့သည့် ပစ်ကပ်ကား ၂ စီးအား တားဆီးစစ်ဆေးခဲ့ရာ တရားဝင် အထောက်အထားမရှိသော မြန်မာရွှေ့ပြောင်းလုပ်သား ၈ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်ဗျာ။
တက်ခရိုင် အဝေးပြေးရဲတပ်ဖွဲ့သည် မသင်္ကာဖွယ် ပစ်ကပ်ကား ၂ စီးကို စစ်ဆေးရန် တားဆီးစဉ် ထွက်ပြေးရန် ကြိုးပမ်းခဲ့သဖြင့် လိုက်လံတားဆီး စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်းမရှိသည့် မြန်မာနိုင်ငံသား ၈ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းဖြစ်သူက အဆိုပါ မြန်မာလုပ်သားများကို တက်ခရိုင်၊ ဘန်းတက် (Ban Tak) မြို့နယ်မှတစ်ဆင့် နခွန်စဝမ် (Nakhon Sawan) ခရိုင်သို့ ပို့ဆောင်ရန် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ တစ်ဦးလျှင် ဘတ် ၂,၀၀၀ စီ အခကြေးငွေရရှိပြီး ယခုကဲ့သို့ သယ်ဆောင်ပေးခဲ့သည်မှာ ၃ ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
အဝေးပြေးရဲတပ်ဖွဲ့သည် ယာဉ်မောင်းဖြစ်သူနှင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၈ ဦးတို့အား ဥပဒေအရ ဆက်လက် အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အရာရှိထံ အမှုတွဲ လွှဲပြောင်းပေးအပ်ခဲ့သည်။
Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี
