ထိုင်း DSI က နိုင်ငံရေးသမား၊ ဆယ်လီများ ပါဝင်သည့် Forex ငွေလိမ်ကွန်ရက်ကို ဝင်ရောက်စီးနင်း

ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) သည် “Shutdown the laundering” (ငွေကြေးခဝတ်ဖျော်မှုကို အမြစ်ပြတ်ချေမှုန်းခြင်း) ဟု အမည်ရသည့် အထူးစစ်ဆင်ရေးကြီးတစ်ရပ်ကို ဆင်နွှဲကာ၊ ဘန်ကောက်နှင့် ဆက်စပ်ခရိုင် ၅ ခုရှိ တရားမဝင် Forex နိုင်ငံခြားငွေလဲလှယ်ရေးနှင့် ပိရမစ်အဆင့်ဆင့် လူခေါ်ငွေလိမ်လည်မှု (Pyramid Scheme) ကွန်ရက်ကြီးတစ်ခုကို ဒေသပေါင်း ၂၄ ခု၌ တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။

ဤလိမ်လည်မှု ကွန်ရက်အတွင်း ထိုင်းနိုင်ငံရေးလောကမှ ပုဂ္ဂိုလ်အချို့နှင့် ဖျော်ဖြေရေးအနုပညာလောက (Entertainment industry) မှ နာမည်ကြီး ဆယ်လီများစွာ ပါဝင်ပတ်သက်နေသည့် ငွေကြေးစီးဆင်းမှု လမ်းကြောင်းများကိုပါ အာဏာပိုင်များက စတင်စုံစမ်းဖော်ထုတ်မိထားသည်။

DSI သည် ဆိုက်ဘာမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCIB)၊ ထိုင်းဗဟိုဘဏ် (BOT) တို့နှင့် ပူးပေါင်းကာ သံသယရှိသူများနှင့် ဆက်စပ်ကုမ္ပဏီများ၏ ဘဏ်အကောင့်ပေါင်း ၇၇ ခုထက်မကကို ချက်ချင်းပိတ်ဆို့ (Freeze) လိုက်ပြီး အောက်ပါအတိုင်း တန်ဖိုးကြီးပစ္စည်းများကို သိမ်းဆည်းခဲ့သည်-

▪️အမျိုးသားငွေသား: ထိုင်းဘတ် ၆၅ သန်းကျော်

▪️ဇိမ်ခံမော်တော်ယာဉ်: စူပါကား (Supercars) ၅ စီး

▪️အဖိုးတန်ပစ္စည်းများ: ရွှေတုံးများ၊ ငွေတုံးများ၊ ရတနာပစ္စည်းများနှင့် အမှတ်တံဆိပ်ပါ (Brand-name) အိတ်များ

▪️နည်းပညာပစ္စည်း: Hardware wallets (ခရစ်ပတိုသိမ်းသည့်စက်)၊ ကွန်ပျူတာများနှင့် ဆာဗာများ

▪️အခြား: တရားမဝင်သေနတ်များနှင့် အမှုတွဲဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများစွာ

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က အောက်ပါအတိုင်း လိမ်လည်လှည့်ဖြားခံရသည့် ပြည်သူများကို တိုင်ကြားရန် အသိပေးထားသည်-

  1. တရားဝင် အသိအမှတ်ပြုမထားသည့် ဝဘ်ဆိုက်များ (Uncertified websites) မှတစ်ဆင့် Forex အရောင်းအဝယ် လုပ်မိသူများ။
  2. အမြတ်ငွေ အဆမတန်ရမည်ဟုဆိုကာ ရင်းနှီးမြှုပ်နှံမှု အပလီကေးရှင်း (Applications) များတွင် ငွေထည့်သွင်းပြီး အမှန်တကယ် ပြန်မရသူများ။

နစ်နာသူများအနေဖြင့် အချက်အလက်များနှင့်အတူ DSI ဌာနချုပ် သို့မဟုတ် ၎င်းတို့၏ တရားဝင် ဆက်သွယ်ရေးချန်နယ်များမှတစ်ဆင့် အမှုဖွင့် တိုင်ကြားနိုင်ပါသည်။

Source;The Nation