ကမ္ဘာ့ရွှေကောင်စီ (World Gold Council – WGC) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များ၏ ၄၅ ရာခိုင်နှုန်းသည် လာမည့် ၁၂ လအတွင်း ရွှေအရန်ငွေများကို တိုးမြှင့်စုဆောင်းသွားရန် စီစဉ်ထားကြောင်း သိရသည်။ ယခုပမာဏသည် ပြီးခဲ့သော ၉ နှစ်အတွင်း အမြင့်ဆုံးသော စံချိန်တင် ဝယ်ယူလိုစိတ် ဖြစ်လာသည်။
ရွှေဈေးနှုန်းသည် နိုဝင်ဘာလနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသော်လည်း ဗဟိုဘဏ်များအတွက်မူ ၎င်းသည် ရွှေအရန်ငွေများကို ပြန်လည်ဖြည့်တင်းရန် “မဟာဗျူဟာမြောက် အခွင့်အရေး” တစ်ရပ်ဖြစ်လာသည်။
လွန်ခဲ့သည့် ၄ နှစ်အတွင်း ဗဟိုဘဏ်များသည် နှစ်စဉ် ရွှေတန်ချိန် ၁,၀၀၀ ခန့်ကို ပုံမှန်စုဆောင်းခဲ့ရာ၊ ယခင်ဆယ်စုနှစ်က ပျမ်းမျှ တန်ချိန် ၅၀၀ နှင့် နှိုင်းယှဉ်လျှင် နှစ်ဆနီးပါး မြင့်တက်လာခြင်း ဖြစ်သည်။ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဗဟိုဘဏ် ၅၃ ရာခိုင်နှုန်းက ရွှေကို ပိုမိုဝယ်ယူရန် စီစဉ်နေကြပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများ (၁၈%) ထက် များစွာသာလွန်နေသည်။
ဗဟိုဘဏ်များ၏ ၇၄ ရာခိုင်နှုန်းသည် လာမည့် ၅ နှစ်အတွင်း ကမ္ဘာ့အရန်ငွေကြေးတွင် အမေရိကန်ဒေါ်လာ၏ အခန်းကဏ္ဍ လျော့ကျလာမည်ဟု ခန့်မှန်းထားကြပြီး၊ အစားထိုးအနေဖြင့် ရွှေကို ပိုမိုစုဆောင်းလာကြခြင်း ဖြစ်သည်။ဗဟိုဘဏ်များ၏ ထက်ဝက်ခန့်သည် နိုင်ငံခြားငွေကို သုံးစွဲမည့်အစား ပြည်တွင်းရှိ ရွှေတူးဖော်သူများထံမှ ပြည်တွင်းသုံးငွေကြေးဖြင့် တိုက်ရိုက်ဝယ်ယူမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် အင်္ဂလန်ဘဏ်ကဲ့သို့ နိုင်ငံခြားတွင် သိုလှောင်မှုကို လျှော့ချပြီး၊ မိမိနိုင်ငံတွင်း သိုလှောင်မှုနှင့် အခြား ဘေးကင်းရာ နိုင်ငံများသို့ ပြောင်းလဲသိုလှောင်မှုများ (ဥပမာ- စင်ကာပူနှင့် ဟောင်ကောင်) ပိုမိုလုပ်ဆောင်လာကြသည်။
Source;The Nation
