၁၁ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ထိုင်း BL Animation ‘Greatest Memory’ ပြန်လည်ထွက်ရှိလာပြီး ပရိသတ်များကြား ရေပန်းစားနေ

ထိုင်းနိုင်ငံရဲ့ လွတ်လပ်တဲ့ အနီမေးရှင်း ဖန်တီးရှင်တစ်ဦးဖြစ်သူ “Beerkuya” သည် ပရိသတ်များ ဆယ်စုနှစ်တစ်ခုကျော်ကြာ စောင့်ဆိုင်းခဲ့ရသည့် ‘Greatest Memory’ အမည်ရ Boys’ Love (BL) အနီမေးရှင်း ဇာတ်လမ်းတွဲ အသစ်ကို ဇွန်လ ၁၆ ရက် (အင်္ဂါနေ့) တွင် စတင်ထုတ်လွှင့်ပြသလိုက်ရာ ပရိသတ်များအကြား အုန်းအုန်းကျွက်ကျွက် ချီးကျူးအားပေးမှုများ ရရှိနေပါတယ်။

အပိုင်း ၆ ပိုင်းမှ ၇ ပိုင်းအထိ ပါဝင်မည့် ဤအနီမေးရှင်းသည် ဘန်ကောက်မြို့ပြနောက်ခံ ရထားပေါ်က အမှတ်မထင် ဆုံတွေ့မှုတစ်ခုကနေ စတင်ခဲ့တဲ့ ရုံးဝန်ထမ်းလူငယ်လေး Boyd နဲ့ Ohm တို့ရဲ့ ချိုမြိန်လှတဲ့ အချစ်ဇာတ်လမ်းကို ထိုင်းဒေသခံ အစားအစာများ၊ လမ်းမများနှင့် နေ့စဉ်လူနေမှုဘဝ အလှအပများဖြင့် ပုံဖော်ထားခြင်း ဖြစ်သည်။

ဤပရောဂျက်ကို ဖန်တီးရှင် Beerkuya က တစ်ဦးတည်း အချိန် ၅ နှစ်မှ ၆ နှစ်အထိ ယူကာ ဇာတ်ညွှန်း၊ နောက်ခံပုံဆွဲခြင်းနှင့် အနီမေးရှင်းအဆင့်ဆင့်ကို ကိုယ်တိုင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ကုန်ကျစရိတ်နှင့် အင်အားစိုက်ထုတ်ရမှုများကြောင့် လမ်းခရီးတွင် လက်လျှော့ရန် ကြံစည်ခဲ့ဖူးကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် ၁၁ နှစ်က မူရင်းဇာတ်လမ်းကျောရိုးကို ထိန်းသိမ်းထားသော်လည်း ယခင်ခေတ်ကသုံးခဲ့သည့် MSN Messenger နေရာတွင် လက်ရှိခေတ်စားနေသည့် LINE App ကဲ့သို့သော ခေတ်ပေါ်ဆက်သွယ်ရေးစနစ်များဖြင့် အစားထိုးကာ ခေတ်မီအောင် ပြန်လည်ရေးဆွဲထားသည်။

မူရင်းထက် ပိုမိုလှပသော အနုစိတ်နောက်ခံပုံများ၊ ကိုယ်ပိုင်သံစဉ်တေးဂီတများ၊ ပရော်ဖက်ရှင်နယ် နောက်ခံစကားပြော အသံသရုပ်ဆောင် (Voice actors) များဖြင့် အဆင့်မြှင့်တင်ထားပြီး၊ ရိုမန်တစ်ဆန်သည့် အချစ်ခန်းအချို့လည်း ပါဝင်မည်ဖြစ်သည်။

အသက် ၁၇ နှစ်အရွယ် ကတည်းက ဤအနီမေးရှင်းကို စောင့်ကြည့်ခဲ့ရသည့် ပရိသတ်တစ်ဦးက “ဒီဇာတ်လမ်းလေးနဲ့အတူ ကျွန်တော်ပါ ကြီးပြင်းလာခဲ့ရသလိုပါပဲ။ လူတိုင်းအတွက် အကောင်းဆုံး ဇာတ်လမ်း ဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ကိုယ့်ရဲ့ကြီးပြင်းမှုကို သက်သေပြနေတဲ့ အမှတ်တရတစ်ခုပါ” ဟု ရင်ဖွင့်ကာ ကျေးဇူးတင်စကား ရေးသားထားသည်။

ဖန်တီးရှင် Beerkuya ကလည်း လူတစ်ယောက်တည်းပဲ ကြည့်ကြည့် ဤပရောဂျက်ကို အဆုံးထိ ဖန်တီးရန် စိတ်ကူးခဲ့ခြင်းဖြစ်ပြီး၊ ယခုလို နှစ်အကြာကြီး ပျောက်ဆုံးနေသော်လည်း ဆက်လက်အားပေးနေသည့် ပရိသတ်တစ်ဦးချင်းစီ၏ Like နှင့် Comment တိုင်းသည် ၎င်းအတွက် အလွန်အဖိုးတန်သော အင်အားများဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားပါတယ်။

Source;Khaosod