ထီ ၁၀ ကြိမ်ဆက်တိုက် ပေါက်ခဲ့၍ ချွန်ဘူရီ၌ ကြက်ဥ ၈,၉၀၀ ကျော် လာရောက်ပူဇော်

ချွန်ဘူရီခရိုင်၊ ဆီရာချာ (Si Racha) မြို့နယ်မှ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ထိုင်းထီ ဆု ၁၀ ကြိမ်ဆက်တိုက် ပေါက်ခဲ့သဖြင့် စက်တင်ဘာ ၆ ရက် (တနင်္ဂနွေနေ့) က ဖန်သောင်း (Phan Thong) မြို့နယ်ရှိ ဝပ်ဝိုရာဖော့ စံခဝတ် (Wat Woraphot Sangkhawat) ကျောင်းတိုက်သို့ ကြက်ဥ ၈,၉၀၀ ကျော် လာရောက်ပူဇော်ပြီး အဓိဋ္ဌာန်ကျေ ပူဇော်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မစ္စတာ ဒမ်ရုန်း (Damrong) ဆိုသူသည် လုပ်သားကြိုပို့ ယာဉ်မောင်းအဖြစ် လုပ်ကိုင်စဉ် ကျောင်းတိုက်အတွင်း ခဏနားနေရင်း ရှေးဟောင်း သဲဝိဿဝဏ် (Thao Wessuwan) ဘီလူးနတ်မင်း ရုပ်ပွားတော်ထံတွင် လာရောက်ဆုတောင်းခဲ့ရာမှ ထီဆုအသေးများ ဆက်တိုက်ပေါက်ခဲ့သည်။ ထို့နောက် ကျောင်းတိုက် ဆောက်လုပ်ရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း လုပ်အားဒါန ပါဝင်ခဲ့ပြီး၊ ထီဆုကြီး ပေါက်ပါက ကြက်ဥ၊ နှင်းဆီနီနှင့် အချိုရည်များဖြင့် ပြန်လည်ပူဇော်မည်ဟု အဓိဋ္ဌာန်ပြုခဲ့သည်။

၎င်းသည် ၁၀ ကြိမ်ဆက်တိုက် ထီဆုများ ပေါက်ခဲ့ပြီး နောက်ဆုံးတွင် ဆုကြီးထပ်မံ ပေါက်ခဲ့သဖြင့် ကြက်ဥ ၈,၉၀၀ ကျော်၊ နှင်းဆီနီနှင့် အချိုရည်များဖြင့် အဓိဋ္ဌာန်ကျေ လာရောက်ပူဇော်ခဲ့ခြင်းဖြစ်သည်။

ပူဇော်ပွဲအပြီးတွင် မစ္စတာ ဒမ်ရုန်းသည် အဆိုပါ ကြက်ဥများကို အိမ်သို့ ပြန်မယူဘဲ ကျောင်းတိုက်အနီးရှိ ဒေသခံ ပြည်သူများ၏ အိမ်စရိတ် သက်သာစေရန်အတွက် အခမဲ့ လှူဒါန်းဝေငှပေးခဲ့သည်။

ပူဇော်ပွဲအပြီး ပင်းပေါင်ဘောလုံး မဲနှိုက်ရာ “570” ဂဏန်း ထွက်ရှိခဲ့ပြီး၊ အဆိုပါ ဂဏန်းကို လာမည့် စက်တင်ဘာ ၁၆ ရက် ထိုင်းအစိုးရ ထီထွက်ပွဲတွင် ထပ်မံထိုးရန်နှင့် ဒေသခံများကလည်း အဆိုပါ ဂဏန်းအား ထီဂဏန်းအဖြစ် မှတ်သားထားကြသည်။

Source;Khaosod