ဘန်ကောက်မြို့၏ ကျပ်တည်းလွန်းသော လမ်းပန်းဆက်သွယ်ရေး၊ အလုပ်အကိုင် ပညာရေး ဖိအားများနှင့် လူနေမှုဘဝ မြန်ဆန်ပြိုင်ဆိုင်ရမှုများကြောင့် လူငယ်များအကြား စိတ်ကျရောဂါ (Depression)၊ မိမိကိုယ်ကို အန္တရာယ်ပြုမှု (Self-harm) နှင့် သေကြောင်းကြံစည်မှုများ တိုးပွားလာနေကြောင်း စက်တင်ဘာ ၁၀ ရက်တွင် ကျရောက်မည့် ကမ္ဘာ့သေကြောင်းကြံစည်မှု ကာကွယ်ရေးနေ့ (World Suicide Prevention Day) အကြို ဆွေးနွေးပွဲတွင် အာဏာပိုင်များနှင့် ကျန်းမာရေး ကျွမ်းကျင်သူများက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က လူဦးရေ ၆၂၄,၃၈၇ ဦးအား စိစစ်ခဲ့ရာတွင် အသက် ၁၅ နှစ်မှ ၃၄ နှစ်အကြား လူငယ်များ၏ ၂၁.၂၅% သည် စိတ်ကျရောဂါ ခံစားရနိုင်ခြေ အမြင့်မားဆုံးအုပ်စုဖြစ်နေကြောင်း တွေ့ရှိရသည်။
ဘန်ကောက်မြို့နေ ပြည်သူများ၏ စိတ်ကျရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၅% အထိ ရှိနေပြီး၊ ဒါဟာ ထိုင်းတစ်နိုင်ငံလုံး ပျှမ်းမျှ ၂.၇% ထက် ပိုမိုမြင့်မားနေသည်။
ကျွမ်းကျင်သူများ၏ အဆိုအရ စိတ်ဒဏ်ရာရနေသည့် လူငယ်များ၏ မိမိကိုယ်ကို နာကျင်အောင် လုပ်ဆောင်မှုများသည် သေကြောင်းကြံစည်လိုရုံ သက်သက်မဟုတ်ဘဲ၊ စိတ်ဓာတ်ကျဆင်းခြင်း၊ အထီးကျန်ခြင်းနှင့် ဖိအားများကို မခံမရပ်နိုင်ဖြစ်၍ စိတ်ထွက်ပေါက် ရှာကြံခြင်းများ ဖြစ်သည်ဟု ထောက်ပြထားသည်။
BMA သည် လာမည့် အောက်တိုဘာ ၁ ရက် မှစ၍ မိမိအောက်ရှိ အထက်တန်းကျောင်း ၁၀၀ ရှိ ကျောင်းသားများ၏ စိတ်ကျန်းမာရေးကို စတင်စစ်ဆေး စိစစ်သွားမည်ဖြစ်သည်။
သေကြောင်းကြံစည်မှုနှုန်းမှာ လူ ၁၀ သိန်းလျှင် ၈ ဦးခန့် ရှိနေပြီး၊ သေနတ် အပါအဝင် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် လက်နက်များကို လွယ်ကူစွာ ကိုင်တွယ်ရရှိနိုင်မှုကို တားဆီးရန် အရေးကြီးကြောင်း သတိပေးထားသည်။
လက်ရှိတွင် လူငယ်များသည် AI ထံတွင် စိတ်ထွက်ပေါက် ရှာကြံမှုများ ရှိနေသော်လည်း၊ မိဘများနှင့် ဆရာမများက အပြစ်မတင်ဘဲ နားထောင်ပေးသည့် (Listening without judgment) လူသားချင်း စာနာမှု ပံ့ပိုးပေးခြင်းကသာ အဓိက သော့ချက်ဖြစ်ကြောင်း တိုက်တွန်းထားသည်။
မိမိကိုယ်ကို စိတ်ဖိစီးမှု၊ စိတ်ကျရောဂါနှင့် သေကြောင်းကြံစည်လိုသည့် စိတ်ဆန္ဒများ ဖြစ်ပေါ်ပါက အောက်ပါ လိုင်းများသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်သည် –
-The Samaritans of Thailand: 02 713 6791 (အင်္ဂလိပ်)၊ 02 713 6793 (ထိုင်း)
-ထိုင်း စိတ်ကျန်းမာရေး ဟော့လိုင်း (Thai Mental Health Hotline): 1323 (ထိုင်း)
-Bangkok Mind / BMind Chatbot အွန်လိုင်း ဝန်ဆောင်မှုများ။
Source;Bangkok Post
