အမေရိကန်နိုင်ငံ၏ နာမည်ကြီး “America’s Got Talent” (AGT) စူပါပါရမီရှင် ပြိုင်ပွဲကြီးတွင် သမိုင်းဝင် ဗိုလ်စွဲခဲ့သည့် အသက် ၁၆ နှစ်အရွယ် ထိုင်းအဆိုတော်မလေး နီနီ ရိုယယ်လ် (Nene Royal – အမည်ရင်း Rattikarn Amloy) သည် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် “အမျိုးသားထု၏ သမီးပျို” (Daughter of the Nation) ဟူသော ဂုဏ်ပုဒ်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ထောက်ခံအားပေးခဲ့ကြသည့် ပရိသတ်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း အောက်တိုဘာ ၄ ရက် (တနင်္ဂနွေနေ့) က ပြောကြားလိုက်ပါတယ်။
နီနီသည် ဘန်ကောက်မြို့၏ စီယမ် (Siam) စီးပွားရေးနှင့် အပန်းဖြေ ဧရိယာအတွင်း အလှပြယာဉ်ဖြင့် လှည့်လည်ခဲ့ပြီး ပရိသတ်များစွာက လမ်းဘေးတစ်လျှောက် စောင့်ဆိုင်းကာ သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
AGT ပြိုင်ပွဲတွင် ၎င်း၏အမည်ကို ဗိုလ်စွဲသူအဖြစ် ကြေညာချိန်၌ အလွန်အမင်း အံ့အားသင့်သွားခဲ့ပြီး မေ့လဲမတတ် ဖြစ်ခဲ့ရကြောင်း၊ ငယ်စဉ် ကလေးဘဝ (၇-၈ နှစ်အရွယ်) ကတည်းက အိပ်မက်အတွက် ကြိုးစားခဲ့သည့် မိမိကိုယ်ကို ပြန်လည်ကျေးဇူးတင်ကြောင်း နီနီက ရင်ဖွင့်ခဲ့သည်။
နာမည်ကြီး ရော့ခ်ဝိုင်း Linkin Park က နီနီနှင့် မိသားစုအတွက် လက်မှတ်ရေးထိုးထားသည့် အယ်လ်ဘမ်၊ ဗီနိုင်းဓာတ်ပြား၊ VIP လက်မှတ်များနှင့် ဒရမ်တုတ်များ ပါဝင်သည့် ထူးခြားသော လက်ဆောင်အိတ်ကို ပေးပို့ခဲ့သည်။
နီနီ အကြိုက်ဆုံး ရော့ခ်ဝိုင်းတစ်ခုဖြစ်သည့် Slipknot အဖွဲ့ဝင်များကလည်း ၎င်းတည်းခိုရာ ဟိုတယ်သို့ လာရောက်၍ အဖွဲ့ဝင်အားလုံး လက်မှတ်ရေးထိုးထားသော တီရှပ်များနှင့် ဒရမ်ခေါင်း (Drumhead) တို့ကို လက်ဆောင်ပေးခဲ့သည်။ နီနီ၏ ဖခင်ဖြစ်သူ ဦးနရုန်း (Narong Amloy) က Slipknot အဖွဲ့နှင့်အတူ ဂီတတွဲဖက် ဖန်တီးမှုများလည်း မကြာမီ မြင်တွေ့ရဖွယ်ရှိကြောင်း ဆိုသည်။
အောင်ပွဲရရှိပြီးနောက် နီနီထံသို့ ကုန်အမှတ်တံဆိပ် ကြော်ငြာ သံတမန် (Brand Presenter) အဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းမှု ၁၀ ခုထက်မနည်း ရရှိထားသည်။
နီနီသည် ဖူးခက် (Phuket) မြို့တွင် ပညာရေးကို ဆက်လက် သင်ယူသွားမည်ဖြစ်ပြီး၊ အနုပညာ အလုပ်များနှင့် ပညာရေးကို အချိန်ဇယား စနစ်တကျ ခွဲဝေ၍ မကြာမီ ကိုယ်ပိုင် သီချင်းများနှင့် ဂီတဖျော်ဖြေပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Source;ThaiPBS
