ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်၊ ပတ္တရား (Sukhumvit လမ်းမပေါ်) တွင် အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည်ဆိုကာ လူမှုကွန်ရက်ပေါ်တွင် ရေပန်းစားနေသည့် မြန်မာလူငယ်တစ်စုကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ သို့သော်လည်း မြန်မာလူငယ်များဘက်ကမူ ၎င်းတို့သည် ကနဦးတွင် ထိုင်းလူငယ်အုပ်စု၏ သေနတ်ဖြင့် ခြိမ်းခြောက်လုယက်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုထားသဖြင့် ရဲတပ်ဖွဲ့က CCTV များကို ပြန်လည်စစ်ဆေးနေကြောင်း ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက် တွင် သတင်းရရှိပါတယ်။
ဖြစ်စဉ်မှာ ပတ္တရား၊ ဘန်လမွန် (Bang Lamung) မြို့နယ်၊ နာကလူးဝါး ဆပ်ဒီစတြစ်ရှိ ဝပ်ချောင်လုံ (Wat Chong Lom) ဘုန်းကြီးကျောင်းရှေ့ ဆွခုမ်ဗစ်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

ထိခိုက်ခံရသူ ထိုင်းလူငယ်၏ အစ်ကိုဖြစ်သူက “ညီဖြစ်သူကို မြန်မာလူငယ် ၁၀ ဦးခန့်က ဝိုင်းဝန်းရိုက်နှက်ပြီး၊ စီးထားသည့် ဖိနပ်ကို လုယူသွားသည့်အပြင်၊ ဆိုင်ကယ်ကိုပါ ဖျက်ဆီးကာ တံတွေးဖြင့် ထွေးသွားခဲ့သည်” ဟု Facebook ပေါ်တွင် ရေးသားတိုင်တည်ခဲ့ရာမှတစ်ဆင့် ထိုင်းလူထုကြား ဝေဖန်မှု ပြင်းထန်ခဲ့ပါတယ်။
ဘန်လမွန်ရဲစခန်းမှူး Pol. Col. Sarawut Nuchanart ၏ ညွှန်ကြားချက်အရ လုံခြုံရေးရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ (Tourist Police) နှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ (Immigration) တို့ ပူးပေါင်းကာ ပြီးခဲ့သည့် မေလ ၁၈ ရက် ညနေပိုင်း တွင် မြန်မာလူငယ်အုပ်စုကို လိုက်လံဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
ရဲစခန်း၌ စစ်ဆေးမေးမြန်းရာတွင် ဖမ်းဆီးခံရသည့် မြန်မာလူငယ်တစ်ဦးက ၎င်းတို့ဘက်မှ စတင်ကျူးလွန်ခြင်းမဟုတ်ကြောင်း အောက်ပါအတိုင်း ထွက်ဆိုထားပါတယ်။ အခင်းမဖြစ်ပွားမီ ကနဦးတွင် အဆိုပါ ထိုင်းလူငယ်က ၎င်းအား သေနတ်ဟုယူဆရသောအရာဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ ၎င်းစီးထားသည့် Converse (ကွန်ဗတ်) ဖိနပ်ကို အတင်းအဓမ္မ လုယူသွားခဲ့ခြင်း ဖြစ်ပါတယ်။
ထို့နောက် ၎င်း၏ မြန်မာသူငယ်ချင်းများ ရောက်ရှိလာပြီး ဝိုင်းဝန်းကူညီရာမှတစ်ဆင့် လမ်းမပေါ်တွင် ခိုက်ရန်ဖြစ်ပွားမှုနှင့် ရိုက်နှက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။မြန်မာလူငယ်များအုပ်စုက ၎င်းတို့သည်လည်း လုယက်မှုဒဏ်ခံရသည့် သားကောင်များဖြစ်ကြောင်း သက်သေပြရန်အတွက် အခင်းမဖြစ်ပွားမီ အချိန်က ရိုက်ကူးထားသည့် CCTV မှတ်တမ်းများကိုပါ ပြန်လည်စစ်ဆေးပေးရန် ရဲတပ်ဖွဲ့ကို တရားဝင် တောင်းဆိုထားပါတယ်။

လက်ရှိတွင် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအရာရှိများသည် နှစ်ဖက်စလုံးကို အသေးစိတ် ထပ်မံစစ်ဆေးမေးမြန်းသွားမည်ဖြစ်ပြီး၊ လမ်းမပေါ်ရှိ သက်သေခံ CCTV ဗီဒီယိုမှတ်တမ်းအားလုံးကို ပြန်လည်စစ်ဆေးကာမှသာ အမှုဖွင့်တရားစွဲဆိုခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။
ဤအမှုတွင် ပါဝင်ပတ်သက်သူ အများစုမှာ အသက်မပြည့်သေးသည့် အသက်ငယ် (Minors) များ ဖြစ်ကြသဖြင့် ရဲတပ်ဖွဲ့သည် ကလေးသူငယ်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများ၊ ဘက်စုံကျွမ်းကျင်သူများအဖွဲ့ (Multi-disciplinary team) နှင့် ပူးပေါင်းကာ နှစ်ဖက်စလုံးအတွက် တရားမျှတမှုရှိစေရန် စနစ်တကျ ကိုင်တွယ်သွားမည်ဟု ဆိုပါတယ်။ တစ်ချိန်တည်းမှာပင် ပတ္တရားဒေသခံ လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်သည့် “Thai Mai Ton” (ထိုင်းများ အသည်းခံမည်မဟုတ်) အဖွဲ့ခေါင်းဆောင်များက ရဲတပ်ဖွဲ့၏ လျင်မြန်စွာ ဖမ်းဆီးနိုင်မှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားထားပါတယ်။
Source; Khaosod
