ထိုင်းနိုင်ငံ၊ ရယောင်း (Rayong) ခရိုင်၊ ဘန်းချန့် (Ban Chang) မြို့နယ်ရှိ ဒေတာစင်တာ (Data Centre) ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှ စွန့်ပစ်ထားသည့် အမှိုက်နှင့် ဆောက်လုပ်ရေး အပျက်အစီး တန် ၂၀ ခန့်ကို ဒေသခံများ၏ တိုင်ကြားချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဝင်ရောက်စစ်ဆေးခဲ့ပြီး အမြန်ဆုံး ဖယ်ရှားရှင်းလင်းရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်ဗျာ။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ သုချာတ် (Suchart Chomklin) ၏ ညွှန်ကြားချက်အရ ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာန (Pollution Control Department) နှင့် အထူးစစ်ဆေးရေးအဖွဲ့တို့က စက်တင်ဘာ ၈ ရက် မနေ့က ကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဘန်းချန့်မြို့နယ်ရှိ မြေဧရိယာ ၁ ရိုင် မှ ၂ ရိုင်ခန့် (စတုရန်းမီတာ ၁,၆၀၀ မှ ၃,၂၀၀ ဝန်းကျင်) အတွင်း မြေဖို့ရန် အသုံးပြုထားသည့် အုတ်ကျိုး၊ ကျောက်၊ ဆိမန့်၊ ပလတ်စတစ်နှင့် ဖိုင်ဘာမှန် (Fibreglass) အပျက်အစီးများကို တွေ့ရှိခဲ့ရသည်။
မူလက အမှိုက် တန် ၁၀၀,၀၀၀ နီးပါး စွန့်ပစ်ထားကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း အာဏာပိုင်များ၏ စိစစ်ချက်အရ စနစ်တကျ စွန့်ပစ်ရမည့် အမှိုက်ပမာဏမှာ တန် ၂၀ ခန့် သာ ရှိကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၏ အကြံပေး ပူးတွဲစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် က ဘန်းချန့် စေတနာ့ဝန်ထမ်း ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အား သက်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီမှ အဆိုပါ စွန့်ပစ်ပစ္စည်းများကို အမြန်ဆုံး ပြန်လည်ဖယ်ရှားစေရန် ညွှန်ကြားထားသည်။
အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် အဆိုပါ အမှိုက်များကို တရားဝင် လိုင်စင်ရ အမှိုက်စွန့်ပစ်ရေး လုပ်ငန်းများထံသို့သာ အာဏာပိုင်များ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ပို့ဆောင် စွန့်ပစ်သွားရမည်ဖြစ်ပါသည်။
Source;Thaiger
