၄ ရက်တာ ရေကြီးမှုကြောင့် ထိုင်းစီးပွားရေး ဘတ် ၂၅ ဘီလီယံကျော် ဆုံးရှုံးနိုင်ပြီး ဘန်ကောက်၌ ထိခိုက်မှု အများဆုံးဖြစ်

စက်တင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ၄ ရက်တာအတွင်း ဘန်ကောက်မြို့အပါအဝင် ခရိုင် ၄၈ ခု၌ ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလယ်အလတ် ထိခိုက်မှုအဆင့်တွင် စီးပွားရေးဆုံးရှုံးမှု စုစုပေါင်း ဘတ် ၂၅.၃၄၅ ဘီလီယံအထိ ရှိလာနိုင်ကြောင်း ရန်းစစ်တက္ကသိုလ် (Rangsit University) စီးပွားရေးပညာရှင်များ၏ ခန့်မှန်းတွက်ချက်ချက်များအရ သိရပါတယ်ဗျာ။

အရောင်းအဝယ်၊ ဝန်ဆောင်မှုနှင့် သွားလာရေး လုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် ဘန်ကောက်မြို့တစ်မြို့တည်း၌ပင် စုစုပေါင်း ဘတ် ၁၀.၅၈၆ ဘီလီယံခန့် ထိခိုက်နိုင်ပြီး စုစုပေါင်း ဆုံးရှုံးမှု၏ အများဆုံး ပမာဏဖြစ်သည်။

အရှေ့ပိုင်းဒေသတွင် ဘတ် ၅.၅၂ ဘီလီယံနှင့် အလယ်ပိုင်းဒေသတွင် ဘတ် ၄.၄ ဘီလီယံခန့် ဆုံးရှုံးနိုင်သည်။

ဘန်ကောက်၏ ဆုံးရှုံးမှုများတွင် လက်ကားနှင့် လက်လီရောင်းဝယ်ရေးက ၂၃.၄%၊ ဘဏ္ဍာရေးနှင့် အာမခံကဏ္ဍက ၁၄.၉% နှင့် အစိုးရ၏ အုပ်ချုပ်ရေးကဏ္ဍက ၁၀.၃% အသီးသီး ပါဝင်နေသည်။

ထိုင်းစက်မှုလက်မှု အသင်းချုပ် (FTI) ဥက္ကဋ္ဌ Pimjai Leeissaranukul က ရေကြီးမှု သတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း လုပ်ငန်းရှင်များဘက်မှ အတိုင်းအတာတစ်ခုအထိ ကြိုတင်ပြင်ဆင်နိုင်ခြင်း မရှိခဲ့ကြောင်း ထောက်ပြထားသည်။

ကုန်ကြမ်းရရှိမှု၊ အလုပ်သမားများ သွားလာရေး၊ စက်ပစ္စည်းနှင့် ဂိုဒေါင်များ ရေဝင်ရောက်မှုတို့ကြောင့် စက်ရုံထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး ထိခိုက်နိူင်သဖြင့် အစားထိုး လမ်းကြောင်းများ ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။

စက်တင်ဘာ ရေကြီးမှုမှာ ရက်တိုသာ ဖြစ်ပါက ရိုက်ခတ်မှု နည်းနိုင်သော်လည်း ပြည်သူများ၏ ဝယ်ယူနိုင်စွမ်း လျော့ကျသွားမည်ဖြစ်ရာ အစိုးရအနေဖြင့် ငွေကြေးထောက်ပံ့ရုံတင် မဟုတ်ဘဲ ရေရှည် ရေကြီးရေလျှံမှု ထိန်းချုပ်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသင့်ကြောင်း အကြံပြုထားသည်။

CGS International Securities ၏ အဆိုအရ အိမ်ခြံမြေနှင့် လက်လီလုပ်ငန်းများ၏ စတော့ရှယ်ယာများအပေါ် ဖိအားပေးနိုင်သော်လည်း UOB Kay Hian Securities ကမူ ၂၀၁၁ ခုနှစ် စံချိန်တင် ရေကြီးမှုကဲ့သို့ မဆိုးရွားနိုင်ဘေး ဆည်ကြီးများ၌ ရေဝင်ဆံ့နိုင်စွမ်း ရှိသေးသဖြင့် စီးပွားရေး အခြေခံအဆောက်အအုံကို ပြင်းထန်စွာ မထိခိုက်နိုင်ကြောင်း ခန့်မှန်းထားသည်။

Source;The Nation