ထိုင်းနိုင်ငံ၊ ဖက်ချာဘူရီ (Phetchaburi) ခရိုင်တွင် အင်္ဂါနေ့ညပိုင်းက မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး မှောင်ခိုကူးသူဟု သံသယရှိသူ ၂ ဦး သေဆုံးသွားခဲ့ပြီး ကာလတန်ဖိုး ကြီးမားသည့် အိုက်စ် (Ice) စိတ်ကြွဆေးပြား ကီလိုဂရမ် ၅၀၀ ခန့် (တန်ဝက်နီးပါး) ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အင်္ဂါနေ့ည ၇:၄၀ နာရီခန့်က ဖက်ချာဘူရီခရိုင်၊ ခေါဝ်ယွိုင် (Khao Yoi) မြို့နယ်၊ ဘန်းခမ်း (Bang Khem) ကျေးရွာအုပ်စု၊ အမှတ် (၄) အဝေးသင် လမ်းမကြီးဘေးရှိ မြေလွတ်တစ်ခုပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ ၂ ဦးမှာ ရာချာဘူရီ (Ratchaburi) ခရိုင်၊ ဒမနိုအန်ဆာဒူအက် (Damnoen Saduak) မြို့နယ်မှ အသက် ၂၇ နှစ်အရွယ် Chattharin နှင့် Rungarun တို့ ဖြစ်ကြသည်။
မူးယစ်ဆေးဝါး နှိမ်နင်းရေး ဗျူရို (NSB) တပ်ဖွဲ့ခွဲ (၃) မှ ဇင်းမယ်အခြေစိုက် အဖွဲ့သည် ထိုင်းနိုင်ငံ တောင်ပိုင်းသို့ မူးယစ်ဆေးဝါး အမြောက်အမြား သယ်ဆောင်နေသည့် ဂိုဏ်းတစ်ခုကို စုံစမ်းစစ်ဆေးနေခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့သည် ရာချာဘူရီနှင့် အနီးဝန်းကျင်တွင် လှုပ်ရှားနေပြီး မော်တော်ယာဉ် ၂ စီးဖြင့် မူးယစ်ဆေးများ သယ်ဆောင်နေကြောင်း သိရှိရသဖြင့် နောက်ယောင်ခံ လိုက်လံ စောင့်ကြည့်ခဲ့ကြသည်။
အင်္ဂါနေ့ည ၇:၃၀ နာရီခန့်တွင် တာဝန်ရှိသူများက သီးခြားခွဲထားသော မြေကွက်တစ်ခုပေါ်၌ ရာချာဘူရီ လိုင်စင်နံပါတ်တပ် မော်တော်ယာဉ်တစ်စီး ရပ်နားထားသည်ကို တွေ့ရှိခဲ့ပြီးနောက်၊ မကြာမီ သေဆုံးသူ အမျိုးသား ၂ ဦး ရောက်ရှိလာခဲ့သည်။
ရဲတပ်ဖွဲ့က စစ်ဆေးရန် မိမိတို့၏ အထောက်အထားကို ထုတ်ဖော်ပြောဆိုစဉ် အဆိုပါ အမျိုးသား ၂ ဦးက စတင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ ၂ ဦးလုံး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
Source;ThaiPBS
