ဘန်ကောက် BTS စကိုင်ထရန်း ရထားပေါ်တွင် အော်ဟစ်ဆူပူပြီး စည်းကမ်းမဲ့ပြုမူခဲ့သည့် အီတလီ အထက်တန်းကျောင်းသား ခရီးသွားများ၏ အပြုအမူအတွက် ထိုင်းနိုင်ငံဆိုင်ရာ အီတလီသံရုံးနှင့် တာဝန်ရှိသည့် ခရီးသွားအေဂျင်စီတို့က ထိုင်းပြည်သူများအား အလေးအနက် တောင်းပန်ကြောင်း ယနေ့ (ဇူလိုင် ၂၅ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါဖြစ်စဉ် ဗိုင်းရယ်လ်ဖြစ်ပွားပြီးနောက် ထိုင်းအင်တာနက်အသုံးပြုသူများက အီတလီသံရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် မှတ်ချက် (Comment) ပေါင်း ၁၀,၀၀၀ ကျော်ဖြင့် ဝင်ရောက်ကန့်ကွက်ခဲ့ကြသဖြင့် သံရုံးက မှတ်ချက်ပေးခွင့် ပိတ်ပင်ခဲ့ရသည့်အပြင် အချို့က အီတလီဝန်ကြီးချုပ် Giorgia Meloni ၏ လူမှုကွန်ရက်အကောင့်အထိ သွားရောက်ကန့်ကွက်ခဲ့ကြသည်။
အီတလီသံရုံးက အီတလီ၊ အင်္ဂလိပ်နှင့် ထိုင်း ၃ ဘာသာဖြင့် ထုတ်ပြန်ရာတွင် အဆိုပါ လူငယ်များ၏ စည်းကမ်းမဲ့အပြုအမူကို အပြင်းအထန် ရှုတ်ချကြောင်းနှင့် အဆိုပါအပြုအမူမှာ အီတလီပြည်သူများကို ကိုယ်စားမပြုကြောင်း၊ အပြန်အလှန် လေးစားမှုရှိသည့် ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုကို အပြည့်အဝ နားလည်တန်ဖိုးထားပါကြောင်း အလေးအနက် တောင်းပန်ထားသည်။
ဖြစ်စဉ်တွင်ပါဝင်သည့် အီတလီလူငယ်များသည် လေ့လာရေးခရီးစဉ်ဖြင့် ရောက်ရှိနေသည့် အသက်မပြည့်သေးသည့် ကျောင်းသားများဖြစ်ပြီး၊ သံရုံး၏ ဖေ့စ်ဘုတ်တွင် ပါဝင်သူ ၄ ဦးက ထိုင်းပြည်သူများအား တောင်းပန်စကားပြောကြားထားသည့် ရုပ်သံဖိုင်ကို ပြန်လည်တင်ဆက်ခဲ့သည်။
အဆိုပါကျောင်းသားများအား စေလွှတ်ခဲ့သည့် အီတလီခရီးသွားအဖွဲ့ကလည်း ယခုခရီးစဉ်မှာ ယဉ်ကျေးမှုသစ်များကို လေ့လာစူးစမ်းရန်ဖြစ်ပြီး ယခုကဲ့သို့ မဆင်မခြင် ပြုမူမိသည့်အတွက် ထိုင်းပြည်သူများအား အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။
Source;Bangkok Post
