ထိုင်းနိုင်ငံ၊ ဖူးခက် (Phuket) ခရိုင်၊ သာလန်း (Thalang) မြို့နယ်ရှိ လမ်းမကြီးတစ်ခု၏ အက်ကြောင်းများအတွင်းမှ မီးခိုးများနှင့် အနံ့ဆိုးများ ထွက်ပေါ်နေသဖြင့် ယာဉ်မောင်းများနှင့် လမ်းလျှောက်သွားလာသူများ ဘေးအန္တရာယ် ဖြစ်ပေါ်မည်ကို စိုးရိမ်ကာ သက်ဆိုင်ရာ ပြည်နယ် လျှပ်စစ်ဓာတ်အားပေး အာဏာပိုင်အဖွဲ့ (PEA) သို့ အကြောင်းကြား၍ စုံစမ်းစစ်ဆေးပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း သိရပါတယ်ဗျာ။
ဘန်းလီဖွန် လမ်းဆုံ (Ban Lipon Intersection) အနီးရှိ လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လမ်းမျက်နှာပြင် အက်ကြောင်းများအတွင်းမှ မီးခိုးများ ထွက်ပေါ်လာကာ လျှပ်စစ်ကြိုး မီးလောင်သည့် အနံ့ဆိုးများ ရရှိခဲ့ကြောင်း ဒေသခံများက သတင်းပေးပို့ခဲ့ကြသည်။
အနီးအနားတွင် သင်္ဘောသီးသုပ်ဆိုင် ရောင်းချသည့် ထိုင်းအမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ စက်တင်ဘာ ၂၀ ရက် (မိုးရွာသွန်းနေချိန်) နံနက်ပိုင်းတွင် မီးခိုးများကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ မီးခိုးအပြင် လမ်းအောက်ခြေမှ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံ (Popping sounds) ခပ်တိုးတိုးများပါ ကြားရသဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ရသည်ဟု ဆိုသည်။
ဒေသခံများက မြေအောက် လျှပ်စစ်ဓာတ်အားလိုင်း သို့မဟုတ် ဆက်သွယ်ရေး ကေဘယ်ကြိုးများ ဝါယာရှော့ဖြစ်ရာမှ မီးခိုးများ ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း သံသယရှိနေကြသည်။
အဆိုပါ လမ်းဆုံမှာ ယာဉ်ကြော ထူထပ်သည့် လမ်းဆုံတစ်ခုဖြစ်သဖြင့် မြေအောက် လျှပ်စစ်လိုင်း ချို့ယွင်းချက်ကြောင့် အများပြည်သူအတွက် ဘေးအန္တရာယ် ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယခုအချိန်အထိ မည်သည့် တာဝန်ရှိအဖွဲ့အစည်းမှ လာရောက်စစ်ဆေးခြင်း သို့မဟုတ် ပြုပြင်ခြင်းမျိုး မပြုလုပ်ရသေးကြောင်း သိရသည်။
သတင်းထုတ်ပြန်ချိန်အထိ ပြည်နယ် လျှပ်စစ်ဓာတ်အားပေး အာဏာပိုင်အဖွဲ့ (PEA) သို့မဟုတ် အခြားသက်ဆိုင်ရာ အစိုးရဌာနများဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ရှင်းလင်းထားခြင်း မရှိသေးပေ။
Source;Thaiger
