ဘန်ကောက်မြို့၊ ရမ်အင်ထရာနယ်မြေရှိ ဆေးပစ္စည်းဂိုဒေါင် မီးလောင်မှုဖြစ်ပွား၊ အနီးနားရပ်ကွက်များ မီးခိုးဖုံးလွှမ်း


မီးလောင်မှုသည် Soi Ram Intra 107 အတွင်းရှိ အထပ်မြင့်ဂိုဒေါင်တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက အချိန်အတော်ကြာ ငြှိမ်းသတ်ခဲ့ရပါတယ်။

ရမ်အင်ထရာ လမ်းသွယ် ၁၀၇ (Soi Ram Intra 107) ရှိ ဆေးဘက်ဆိုင်ရာ ပိုးသတ်ဆေးပစ္စည်းများ ထုတ်လုပ်၊ လက်ကားရောင်းချနှင့် သုတေသနပြုလုပ်သည့် နှစ်ထပ်ဂိုဒေါင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ မီးသည် ဂိုဒေါင်၏ အပေါ်ထပ်တွင် ပြင်းထန်စွာ လောင်ကျွမ်းခဲ့ပြီး ထိုနေရာတွင် စက္ကူနှင့် ပလတ်စတစ်ကဲ့သို့သော မီးလောင်လွယ်သည့် ပစ္စည်းများ အမြောက်အမြား ရှိနေခြင်းကြောင့် မီးငြှိမ်းသတ်ရန် ခက်ခဲခဲ့ပါတယ်။ 

ဘန်ချန်း (Bang Chan) မီးသတ်နှင့် ကယ်ဆယ်ရေးစခန်းမှ တပ်ဖွဲ့ဝင်များက မီးသတ်ကားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ အဆောက်အအုံများဆီသို့ မီးမကူးစက်အောင် တားဆီးနိုင်ခဲ့ပါတယ်။ မီးလောင်သည့် အဆောက်အအုံသည် ဆေးဘက်ဆိုင်ရာ ပိုးသတ်ဆေးပစ္စည်းများ (Disinfectant products) နှင့် ဆက်စပ်ပစ္စည်းများကို အဓိက သိုလှောင်ဖြန့်ဖြူးသည့် နေရာဖြစ်ပါတယ်။ 

လက်ရှိတွင် မီးကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် မီးလောင်ရသည့် အကြောင်းရင်းကို တာဝန်ရှိသူများက ဆက်လက် စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။

Source; Khaosod English