အီရန်ဆိပ်ကမ်းများကို အမေရိကန်စစ်တပ် စတင်ပိတ်ဆို့

အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးအခြေအနေများ ပြန်လည်တင်းမာလာပြီးနောက် အမေရိကန်စစ်တပ်က အီရန်ဆိပ်ကမ်းများကို ရေကြောင်းပိတ်ဆို့မှု စတင်ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ရပ်ကြောင့် တီဟီရန်အစိုးရဘက်က ပြင်းထန်စွာတုံ့ပြန်ရန် သတိပေးထားသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အီရန်ဘက်မှ နျူကလီးယားလက်နက် ထုတ်လုပ်မှုကို ရပ်တန့်ခြင်းမရှိပါက မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ကြောင်း အပြတ်အသတ် ပြောကြားထားသည်။

လက်ရှိတွင် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် စီးဆင်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း အီရန်ဘက်က တင်းကျပ်စွာထိန်းချုပ်နေခြင်းကြောင့် ကမ္ဘာ့စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်နေသည်။

ထရန့်က အီရန်၏ တိုက်ခိုက်ရေးသင်္ဘောများအနေဖြင့် အမေရိကန်၏ ပိတ်ဆို့မှုကို နှောင့်ယှက်ပါက ချက်ချင်းချေမှုန်းသွားမည်ဟု သတိပေးထားပြီး၊ အီရန်ဘက်ကလည်း ယင်းလုပ်ရပ်သည် “ပင်လယ်ဓားပြလုပ်ရပ်” ဖြစ်ကြောင်းနှင့် ဒေသတွင်းရှိ အခြားဆိပ်ကမ်းများပါ လုံခြုံမှုရှိတော့မည်မဟုတ်ကြောင်း တုံ့ပြန်ထားသည်။

တစ်ဖက်တွင်လည်း အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် ၆ ပတ်ကြာ ထိန်းသိမ်းထားသည့် အပစ်အခတ်ရပ်စဲရေးမှာ ပျက်ပြားမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ဗြိတိန်နှင့် ပြင်သစ်အပါအဝင် နေတိုး (NATO) မဟာမိတ်နိုင်ငံများကမူ ယင်းပိတ်ဆို့မှုတွင် ပါဝင်မည်မဟုတ်ကြောင်းနှင့် ရေလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရန်သာ လိုလားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ သို့သော်လည်း နှစ်ဖက်ဆွေးနွေးမှုများ ဆက်လက်ရှိနေခြင်းကြောင့် အင်္ဂါနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ အောက်သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။

Source; Bangkok Post