ဘန်ကောက်မြို့တွင် ခရီးသွားလာရင်း တိုက်ရိုက်လွှင့် (Livestreaming) ပြုလုပ်နေသည့် တောင်ကိုရီးယားနိုင်ငံသား လိုက်ဖ်လွှင့်သူတစ်ဦးနှင့် ထိုင်း တွုတ်တွုတ် (Tuk-tuk) ယာဉ်မောင်းတို့အကြား ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် လမ်းမပေါ်တွင် တိုက်ရိုက်ရိုက်ကူးခွင့် အကန့်အသတ်နှင့် အခြားသူများ၏ ကိုယ်ရေးကိုယ်တာ လုံခြုံခွင့် (Privacy) ဆိုင်ရာ စည်းမျဉ်းများအပေါ် အွန်လိုင်းကြည့်ရှုသူများအကြား အငြင်းပွားဖွယ်ရာ မေးခွန်းများ ထွက်ပေါ်လာပါတယ်။
TAEMIN1998 ဟု လူသိများသည့် ကိုရီးယား အမျိုးသား လိုက်ဖ်လွှင့်သူသည် အောက်တိုဘာလဆန်းပိုင်းအတွင်း ဘန်ကောက်နှင့် ဖူးခက်မြို့များသို့ ခရီးသွားရင်း ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံသည့် ဗီဒီယိုများ ရိုက်ကူးစဉ် တွုတ်တွုတ် ယာဉ်မောင်းတစ်ဦးနှင့် အခြေအတင် စကားများခဲ့ခြင်းဖြစ်သည်။
စကားအပြန်အလှန် ပြောဆိုရာမှ အခြေအနေ ပိုမိုဆိုးရွားလာပြီး အဆိုပါ လိုက်ဖ်လွှင့်သူ၏ မျက်နှာကို ထိခိုက်မိခဲ့သလို နောက်ထပ် အမျိုးသားတစ်ဦး ပါဝင်လာကာ ဖုန်းကင်မရာ ခါယမ်းသွားခဲ့သည်။ ၎င်း၏ ပြောကြားချက်အရ ခေါင်းနှင့် မျက်နှာတို့တွင် အကြိမ်ကြိမ် ထိုးနှက်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အများပြည်သူဆိုင်ရာ နေရာများ၌ ဗီဒီယိုရိုက်ကူးခြင်းကို ယေဘုယျအားဖြင့် ခွင့်ပြုထားသော်လည်း အခြားသူများ၏ ခွင့်ပြုချက်မပါဘဲ လိုက်ဖ်လွှင့်ခြင်း သို့မဟုတ် ဗီဒီယိုတွင် ပါဝင်စေခြင်းသည် သုံးစွဲသည့် ပုံစံပေါ်မူတည်၍ ကိုယ်ရေးကိုယ်တာ ကာကွယ်ပိုင်ခွင့် ဥပဒေများ (Privacy Laws) နှင့် ငြိစွန်းနိုင်ပါသည်။
Reddit အပါအဝင် လူမှုကွန်ရက်ပေါ်တွင် အဆိုပါ ရိုက်ကူးသူသည် အများပြည်သူအား အနှောင့်အယှက်ပေးသည့် “Nuisance streamer” တစ်ဦး ဟုတ်၊ မဟုတ် အငြင်းပွားလျက်ရှိကြသည်။ အချို့က အနှောင့်အယှက်ပေးသူဟု စွပ်စွဲကြသော်လည်း အချို့ကမူ ၎င်းသည် ပတ်ဝန်းကျင်နှင့် လမ်းဘေး အခြေအနေများ၏ သဘောသဘာဝကို သတိမမူမိသည့် ခရီးသွားတစ်ဦးမျှသာ ဖြစ်သည်ဟု သုံးသပ်ထားကြသည်။
Source;Khaosod
