ဘန်ကောက်မြို့ အဆိုတ် (Asok) ဒေသတွင် အသက် ၅၂ နှစ်အရွယ် ဂျပန်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးသည် Bolt Appယာဉ်မောင်းနှင့် ခရီးစရိတ်အငြင်းပွားရာမှ လမ်းခုလတ်၌ ကားပေါ်ကဆင်းခိုင်းပြီး အနောက်ကနေ လိုက်လံထိုးနှက်ခြင်း ခံခဲ့ရပါတယ်ဗျာ။ ဤဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ၏ ပုံရိပ်ထိခိုက်သဖြင့် စားသုံးသူကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ချက်ချင်း ဝင်ရောက်စွက်ဖက် အရေးယူနေပြီ ဖြစ်သည်။
မေလ ၂၈ ရက်က ဂျပန်ခရီးသည်က Bolt စီးနင်းစဉ် သတ်မှတ်ဈေးထက် မတန်ဟုဆိုကာ ယာဉ်မောင်းက လမ်းခုလတ်၌ ဆင်းခိုင်းခဲ့သည်။ ခရီးသည်က ကားပေါ်ကဆင်းပေးသော်လည်း ယာဉ်မောင်းက အနောက်မှလိုက်လာပြီး ဦးခေါင်းနောက်စေ့ကို အကြိမ်ကြိမ် လက်သီးဖြင့်ထိုးနှက်ကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လမ်းသွားလမ်းလာများက ဝိုင်းတားပေးခဲ့သည်။
ဝန်ကြီး Ms. Supamas က ဤဖြစ်စဉ်သည် စားသုံးသူအခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံခြားသားဖြစ်၍ ပိုမိုအရေးကြီးကြောင်း၊ Bolt ကုမ္ပဏီအနေဖြင့် အကောင့်ပိတ်ရုံဖြင့် မရဘဲ ဇွန်လ ၅ ရက် နောက်ဆုံးထား ရှင်းလင်းချက်ပေးရန်နှင့် ရဲတပ်ဖွဲ့အနေဖြင့် တရားခံကို အမြန်ဆုံး ဖမ်းဆီးတရားစွဲရန် ညွှန်ကြားထားသည်။ ဇွန်လ ၁၂ ရက်တွင် အလားတူ App ကုမ္ပဏီ ၁၃ ခုလုံးကို ခေါ်ယူပြီး စံချိန်စံညွှန်းများ တင်းကျပ်သွားမည်ဖြစ်သည်။
ထိုင်းဥပဒေအရ မြန်မာရွှေ့ပြောင်းလုပ်သားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ဝန်ဆောင်မှုတစ်ခုခုကို အသုံးပြုလျှင် ထိုင်းနိုင်ငံသားနည်းတူ ဘေးကင်းပိုင်ခွင့်နှင့် စားသုံးသူအခွင့်အရေး (Consumer Rights) အပြည့်အဝ ရှိပါတယ်ဗျာ။ App များ စီးနင်းစဉ် ပြဿနာတစ်စုံတစ်ရာရှိပါက ယာဉ်မောင်းနှင့် အငြင်းပွားခြင်းမပြုဘဲ ကားပေါ်ကဆင်းကာ App အတွင်း၌သာ Report တိုင်ကြားသင့်ပါတယ်။
Source;Bangkok Post
