ဥရောပကျွန်းနိုင်ငံတစ်ခုဖြစ်သည့် မော်လ်တာတွင် မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲ၊ ပြင်းထန်သော တုန်ခါမှုကြောင့် လူ ၂ ဦး ဒဏ်ရာရ

ဥရောပကျွန်းနိုင်ငံတစ်ခုဖြစ်သည့် မော်လ်တာ (Malta) ရှိ Ta’ Lourdes မီးရှူးမီးပန်းစက်ရုံ တွင် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ရာ တုန်ခါမှုကြောင့် အနီးနားရှိ အဆောက်အအုံများ ပျက်စီးပြီး လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နံနက်ပိုင်းတွင် စက်ရုံအတွင်း မီးခိုးလုံးကြီးများနှင့်အတူ ကနဦးပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် မီးရှူးမီးပန်းများ ဆက်တိုက် ထပ်မံပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် လေဖိအားလှိုင်း (Pressure Wave) ကြောင့် အနီးနားရှိ တိုက်ခန်းမှန်များ ကွဲအက်ကာ အဆောက်အအုံမျက်နှာစာအချို့ပါ ပဲ့ကြွေကျခဲ့သည်။

အသက် ၆၇ နှစ်နှင့် ၄၇ နှစ်အရွယ် အမျိုးသား ၂ ဦး ထိတ်လန့်တုန်လှုပ်ပြီး ဒဏ်ရာအနည်းငယ်ရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ပေါက်ကွဲချိန်တွင် စက်ရုံအတွင်း လိုင်စင်ရအလုပ်သမားတစ်ဦးမျှ ရှိမနေခဲ့ဘဲ ရဲတပ်ဖွဲ့က အကြောင်းရင်းကို ဆက်လက်စစ်ဆေးနေသည်။

ယခုဖြစ်စဉ်သည် စက်ရုံအလုပ်ရုံများတွင် အသေးအဖွဲ ပေါ့ဆမှုတစ်ခုကပင် ပတ်ဝန်းကျင်လူနေအိမ်ခြေများကိုပါ ဒုက္ခပေးနိုင်ကြောင်း ပြသနေသဖြင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များအနေဖြင့် မီးဘေးကာကွယ်ရေးနှင့် အရေးပေါ်အချက်ပေးစနစ် (Safety Systems) များကို အမြဲမပြတ် စစ်ဆေးထားရန် လိုအပ်ကြောင်း သတိပြုသင့်ပါတယ်။

Source;News.com.au