ဘန်ကောက်မြို့၊ အွန်နွတ် ၃၉ လမ်းထိပ်တွင် အမျိုးသားတစ်ဦး ဓားဖြင့်ဝိုင်းထိုးခံရ၍ သေဆုံး၊ တရားခံများကို ရဲလိုက်လံရှာဖွေနေ

ဘန်ကောက်မြို့၊ အွန်နွတ် ၃၉ (On Nut 39) လမ်းထိပ်တွင် ဆိုင်ကယ်စီးလာသည့် လူဆိုးတစ်စုက အမျိုးသားတစ်ဦးကို အနောက်မှ လိုက်လံတိုက်ခိုက်ပြီး ဓားဖြင့်ဝိုင်းထိုးကာ မောင်းနှင်ထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့က တရားခံများကို အပြင်းအထန် ခြေရာခံလိုက်လံဖမ်းဆီးနေပါတယ်။

ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီ ၂၇ မိနစ်အချိန်က အွန်နွတ် ၃၉ လမ်းထိပ်တွင် ရန်ပွဲဖြစ်ပွားပြီး လူတစ်ဦး ဒဏ်ရာပြင်းထန်ရရှိထားကြောင်း သတင်းရရှိသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ် နှလုံးနှိုးစက် (CPR) ဖြင့် ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း အဆိုပါ အမျိုးသားမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။ သေဆုံးသူ၏ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ လက်ရှိတွင် အတည်မပြုနိုင်သေးပေ။

မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရ အနက်ရောင်ဦးထုပ်ဆောင်းထားပြီး အနက်ရောင် PCX ဆိုင်ကယ်တစ်စီးပေါ်တွင် လူ ၃ ဦး တွဲစီးလာသည့် လူဆိုးစုသည် အွန်နွတ် ၃၉ လမ်းထဲမှနေ၍ သေဆုံးသူကို အနောက်မှ အတင်းလိုက်လံ မောင်းနှင်လာခဲ့ခြင်းဖြစ်သည်။

လူဆိုးများသည် သေဆုံးသူစီးနင်းလာသည့် ဆိုင်ကယ်ကို အရှိန်ဖြင့် ကန်ချကာ လဲကျသွားစေခဲ့ပြီးနောက်၊ သေဆုံးသူ၏ ရင်ဘတ်အောက်တည့်တည့်ကို ဓားဖြင့် ၄ ကြိမ်မှ ၅ ကြိမ်အထိ အချက်ပေါင်းများစွာ ဝိုင်းဝန်းထိုးနှက် တိုက်ခိုက်ခဲ့ကြသည်။ ရရှိသည့် ဒဏ်ရာများမှာ အလွန်ပြင်းထန်သဖြင့် သေဆုံးခဲ့ရပြီး၊ လူဆိုးများသည် တိုက်ခိုက်ပြီးသည်နှင့် ဆိုင်ကယ်ဖြင့် ချက်ချင်း မောင်းနှင်ထွက်ပြေးသွားကြသည်။

လက်ရှိအချိန်အထိ ယခုကဲ့သို့ ရက်ရက်စက်စက် ဝိုင်းဝန်းလုပ်ကြံရသည့် အဓိက အကြောင်းရင်း (Motive) ကို တိကျစွာ မသိရသေးပေ။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဖရာခနွန်း (Phra Khanong) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာတစ်ဝိုက်ရှိ CCTV ကင်မရာများကို စစ်ဆေးကာ လူဆိုးများ ထွက်ပြေးတိမ်းရှောင်သွားသည့် လမ်းကြောင်းကို ခြေရာခံလျက်၊ ကွင်းဆက်တရားခံများကို ဖမ်းဆီးနိုင်ရန် အရှိန်အဟုန်မြှင့် စုံစမ်းစစ်ဆေးနေသည်။

Source;Thairath