Andrew Tate ညီအစ်ကို မိုင်ယာမီတွင် ဖမ်းဆီးခံရပြီး ဗြိတိန်သို့ လွှဲပြောင်းပေးရန် တောင်းဆိုနေ

ဝါရှင်တန်၊ ဇူလိုင် ၁၉ (၂၀၂၆) – ကမ္ဘာကျော် ဆိုရှယ်မီဒီယာ အင်ဖလူရင်ဆာ အင်ဒရူးတိတ် (Andrew Tate) နှင့် ၎င်း၏ညီဖြစ်သူ ထရစ်စတန်တိတ် (Tristan Tate) တို့ကို အမေရိကန် ဖက်ဒရယ်အာဏာပိုင်များ (US Marshals) က မိုင်ယာမီမြို့တွင် ဇူလိုင် ၁၈ ရက် (စနေနေ့) က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ယခုဖမ်းဆီးမှုသည် ဗြိတိန်နိုင်ငံ (UK) ဘက်မှ တရားဝင်တောင်းဆိုထားသည့် တရားခံလွှဲပြောင်းပေးရေး (Extradition Request) ကြောင့်ဖြစ်ပြီး၊ ၎င်းတို့သည် ဗြိတိန်တွင် မုဒိမ်းမှု၊ လူကုန်ကူးမှုနှင့် ကလေးသူငယ်ညစ်ညမ်းပုံအမှုတွဲများ အပါအဝင် စွဲချက်အသစ်ပေါင်း ၃၈ ခု ထပ်မံတိုးမြှင့်ကာ တရားစွဲဆိုခြင်း ခံထားရသည်။
ဗြိတိန်အစိုးရ ရှေ့နေချုပ်ရုံး (CPS) ၏ ထုတ်ပြန်ချက်အရ ၎င်းတို့ ညီအစ်ကိုနှစ်ဦး ရင်ဆိုင်ရမည့် စုစုပေါင်း စွဲချက်အမှုတွဲပေါင်း ၅၉ ခုအထိ ရှိလာခဲ့ပြီး နစ်နာသူ ၇ ဦးအထိ ရှိလာပြီဖြစ်သည်။ ပြစ်မှုများကို ၂၀၁၀ မှ ၂၀၁၇ ခုနှစ်အတွင်း ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်း ဖြစ်သည်။
အင်ဒရူးတိတ် (၃၉ နှစ်): မုဒိမ်းမှု ၇ မှု၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ရန် လူကုန်ကူးမှု ၃ မှု၊ ကိုယ်ထိလက်ရောက်စော်ကားမှု ၃ မှုအပြင် ကလေးသူငယ်ညစ်ညမ်းရုပ်ပုံနှင့် အလွန်အကျွံညစ်ညမ်းရုပ်ပုံများဆိုင်ရာ ပြစ်မှု ၁၉ မှု ဖြင့် စွဲချက်တင်ခံထားရသည်။

ထရစ်စတန်တိတ် (၃၈ နှစ်): လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ မှု၊ မုဒိမ်းမှု ၂ မှုနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ရန် လူကုန်ကူးမှု ၃ မှုတို့ဖြင့် စွဲချက်တင်ခံထားရသည်။

အမေရိကန်-ဗြိတိန် နှစ်နိုင်ငံသား ခံယူထားသည့် တိတ်ညီအစ်ကိုများသည် ပြီးခဲ့သည့်နှစ်များအတွင်း ရိုမေးနီးယား (Romania) နိုင်ငံတွင် အလားတူအမှုများဖြင့် ဖမ်းဆီးခံခဲ့ရဖူးပြီး၊ နောက်ပိုင်းတွင် အမေရိကန်၊ ဖလော်ရီဒါသို့ ပုဂ္ဂလိကဂျက်လေယာဉ်ဖြင့် ပြောင်းရွှေ့အခြေစိုက်နေထိုင်စဉ် ယခုကဲ့သို့ ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့ဘက်ကမူ စွပ်စွဲချက်အားလုံးကို ကန့်ကွက်ငြင်းဆိုထားကြသည်။
၎င်းတို့၏ ရှေ့နေ ဂျိုးဇက် မက်ဘရိုက် (Joseph McBride) ကမူ ယခုစွဲချက်အသစ်များသည် ၎င်းတို့၏ ရန်သူများက လုပ်ကြံဖန်တီးထားသည့် “နိုင်ငံရေးအရ တိုက်ခိုက်မှု” သက်သက်သာဖြစ်ပြီး တရားရုံးတွင် အမှန်တရားအတိုင်း လွတ်မြောက်လာလိမ့်မည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။

Source;Bangkok Post