ဘန်ကောက် ဟိုတယ်ရေခဲသေတ္တာထဲ ကလေးအလောင်းတွေ့မှုတွင် မိခင်က အွန်လိုင်းမှ ကိုယ်ဝန်ဖျက်ဆေး သောက်ခဲ့ကြောင်း ဝန်ခံ

ဘန်ကောက်မြို့၊ ဘန်းကပိ (Bang Kapi) မြို့နယ်ရှိ ဟိုတယ်အခန်းတစ်ခု၏ ရေခဲသေတ္တာအတွင်း မွေးကင်းစ ကလေးငယ်၏ ရုပ်အလောင်းအား စက်တင်ဘာ ၃၀ ရက်က ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးဖြစ်သူက အွန်လိုင်းမှ ကိုယ်ဝန်ဖျက်ဆေး မှာယူသောက်သုံးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် မကေဆရာ (Katesara) အမည်ရှိ အမျိုးသမီးသည် ရမ်ခမ်းဟဲင်း ၄၀ သွယ်လမ်း (Soi Ramkhamhaeng 40) ရှိ ဟိုတယ်တစ်ခုတွင် မိမိ ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း ဟူဝါးမတ် (Hua Mark) ရဲစခန်းသို့ စတင်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဟိုတယ်အခန်းတွင်းရှိ ရေခဲသေတ္တာ၏ အအေးရဲခန်း (Freezer) အတွင်း အမှိုက်အိတ်ဖြင့် ထုပ်ပိုးထားသော ၉ လခန့်ရှိ မွေးကင်းစ အမျိုးသားကလေးငယ်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

အခန်းတွင်း အံဆွဲတစ်ခုအတွင်းမှ ကိုယ်ဝန်ဖျက်ဆေးအဖြစ် အသုံးပြုသည့် Medabon ဆေးကတ်ခွံကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။: မကေဆရာ၏ စစ်ဆေးထွက်ဆိုချက်အရ လွန်ခဲ့သည့် သြဂုတ်လတွင် ကိုယ်ဝန်ရှိမှန်း စတင်သိရှိခဲ့ပြီးနောက် LINE အက်ပလီကေးရှင်းမှတစ်ဆင့် ကိုယ်ဝန်ဖျက်ဆေး မှာယူခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၅ ရက်တွင် ဆေး ၁ လုံး သောက်သုံးခဲ့ပြီး၊ စက်တင်ဘာ ၂၇ ရက်တွင် နောက်ထပ် ဆေး ၄ လုံး ထပ်မံသောက်သုံးခဲ့သည်။ ထို့နောက် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ဝမ်းဗိုက်နာကျင်ကာ ကလေးမွေးဖွာခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများ ပြီးစီးသည်အထိ စောင့်ဆိုင်းကာ နာရေးကူညီမှုနှင့် သင်္ဂြိုဟ်ခြင်း ပြုလုပ်ရန်အတွက် ကလေးရုပ်အလောင်းကို ရေခဲသေတ္တာအတွင်း ခေတ္တ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့က ကလေးငယ် သေဆုံးရသည့် အကြောင်းရင်းမှန်ကို အတည်ပြုနိုင်ရန် မှုခင်းဆေးပညာရပ်ဆိုင်ရာ ရောဂါဗေဒအရာရှိများနှင့် ပူးပေါင်း၍ အလောင်းစစ်ဆေးမှု (Autopsy) ပြုလုပ်လျက်ရှိသည်။

ထိုင်းဥပဒေအရ –

-ကိုယ်ဝန် ၁၂ ပတ်အတွင်း ရှိသူများ အလိုအလျောက် ကိုယ်ဝန်ဖျက်ချခွင့် ရှိသည်။

-ကိုယ်ဝန် ၁၂ ပတ်မှ ၂၀ ပတ်အတွင်း ရှိသူများ လိုအပ်သည့် အကြံပေးဆွေးနွေးမှုများ ရယူပြီးမှသာ ဖျက်ချခွင့်ရှိသည်။

-ကိုယ်ဝန်ဆောင်၏ ကျန်းမာရေး ထိခိုက်နိုင်မှု၊ သန္ဓေသား မသန်စွမ်းမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကြောင့် ကိုယ်ဝန်ရရှိခြင်း စသည့် အခြေအနေများတွင်လည်း ကင်းလွတ်ခွင့်ပြုထားသည်။

ယခုဖြစ်စဉ်တွင် ကိုယ်ဝန် သက်တမ်း ၉ လခန့် ရှိနေပြီဖြစ်သဖြင့် ရဲတပ်ဖွဲ့က သက်သေအထောက်အထားများ ဆက်လက်စုဆောင်းနေပြီး တရားစွဲဆိုမည့် အခြေအနေကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Source;Thaiger