မနေ့က (၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်) ထွက်ပေါ်လာသည့် သတင်းများအရ ဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာကျော် K-Pop အဖွဲ့ BTS ၏ World Tour ဖျော်ဖြေပွဲ လက်မှတ်များကို X (Twitter) ပေါ်မှတစ်ဆင့် အငှားဝယ်ယူပေးမည် (Ticket-buying service) ဟုဆိုကာ လိမ်လည်ခဲ့သည့် “sums…” (@sums…) အကောင့်ပိုင်ရှင်သည် ဖျော်ဖြေပွဲလက်မှတ်များ စတင်ရောင်းချသည့်နေ့တွင် အကောင့်ဖျက်ကာ ငွေကြေးများယူဆောင်၍ ထွက်ပြေးသွားခဲ့သဖြင့် ပရိသတ်ပေါင်းရာချီ စုစုပေါင်း ထိုင်းဘတ် ၁.၁ သန်းနီးပါး ($33,398) ဆုံးရှုံးခဲ့ရပါတယ်။
အဆိုပါ X အကောင့်သည် ယခင်က #รีวิวกดบัตรร้านซัมซัม ဆိုသည့် Hashtag ဖြင့် Review အတုအပအများအပြားကို စနစ်တကျဖန်တီးကာ သားကောင်များကို ဆွဲဆောင်ခဲ့သည်။ အငှားဝယ်ခအဖြစ် တစ်စောင်လျှင် ဘတ် ၃၀၀ မှ ၇၀၀ ကြား တောင်းခံခဲ့ပြီး၊ လက်မှတ်ဖိုးအပြည့်နှင့် စရံငွေများကို ကြိုတင်လွှဲနှံခိုင်းခဲ့ခြင်းဖြစ်သည်။
လတ်တလော စုံစမ်းချက်အရ အဓိက ငွေလွှဲဝင်ခဲ့သည့် ဘဏ်အကောင့်ပိုင်ရှင်မှာ သူနာပြုကျောင်းသူတစ်ဦး ဖြစ်နေသည်။ ၎င်းကျောင်းသူက မိမိအား အကောင့်အသုံးပြုခွင့် ငှားရမ်းရန်သာ သူတစ်ပါးက ခိုင်းစေခဲ့ခြင်းဖြစ်ပြီး လိမ်လည်မှုမှန်း မသိရှိကြောင်း ငြင်းဆိုထားသော်လည်း၊ ဆုံးရှုံးသူများကမူ ၎င်းမှတစ်ဆင့် “Praewa” နှင့် “Gam” ဆိုသူများထံ TrueMoney Wallet နှင့် အခြားဘဏ်များ (Kasikorn, Krungthai) သို့ ငွေကြေးများ ခွဲဝေလွှဲပြောင်းထားသည့် ကွန်ရက်ကို ရှာဖွေတွေ့ရှိထားကြသည်။
လက်ရှိ Google Sheet ဖြင့် စာရင်းပြုစုချက်အရ အနည်းဆုံး လူပေါင်း ၁၄၅ ဦးထက်မနည်းတရားဝင် နစ်နာဆုံးရှုံးထားကြောင်း သိရသည်။
လတ်တလောတွင် နစ်နာသူများသည် ရဲစခန်းများနှင့် အွန်လိုင်းမှတစ်ဆင့် တိုင်ကြားမှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။ ထို့ပြင် ပြည်သူ့ပါတီ (People’s Party) မှ လွှတ်တော်ကိုယ်စားလှယ်လောင်းဟောင်း “Palm” Nithikorn က နစ်နာသူများ၏ Line Group သို့ ဝင်ရောက်လာပြီး ဤအမှုကို လွှတ်တော်ကော်မတီများ၊ မီဒီယာများနှင့် ပူးပေါင်းကာ တရားခံများကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ကူညီပေးသွားမည်ဟု ကတိပြုထားပါတယ်။
Source;Khaosod
