ပရာချင်ဘူရီ လယ်ကွင်းများအတွင်း သက်တန့်ရောင် ဆီလွှာများ ထပ်မံတွေ့ရှိ၊ တောင်သူများ စိုးရိမ်

ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီ (Prachin Buri) ခရိုင်၊ ကဘင်ဘူရီ (Kabin Buri) မြို့နယ်ရှိ လယ်ကွင်းများအတွင်း အရောင်စုံ သက်တန့်ရောင် ဆီလွှာများနှင့် အနံ့ဆိုးထွက်နေသော ရေမည်းများ ထပ်မံ ဖုံးလွှမ်းနေသည်ကို တွေ့ရှိခဲ့ရသဖြင့် သီးနှံများ ပျက်စီးမည်နှင့် စပါးများ ဘေးအန္တရာယ် ရှိလာမည်ကို ဒေသခံ တောင်သူများက စိုးရိမ်မကင်း ဖြစ်လျက် ရှိပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့တွင် Prachin Khem Khaeng အဖွဲ့နှင့် ခေါဝ်မိုင်ကဲအို (Khao Mai Kaeo) ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ခေါဝ်မိုင်ကဲအို ကျေးရွာအုပ်စုအတွင်းရှိ လယ်ကွင်းများနှင့် ရေနုတ်မြောင်းများကို သွားရောက် စစ်ဆေးခဲ့ရာ ခရမ်း၊ အနီ၊ အစိမ်းနှင့် အပြာရောင် စသည့် အရောင်စုံ သက်တန့်ရောင် ဖုံးလွှမ်းနေသည့် ရေမည်းများကို တွေ့ရှိခဲ့ကြသည်။

အဆိုပါ ဆီလွှာများသည် လယ်ဧက ရာပေါင်းများစွာ (Rai ရာပေါင်းများစွာ) ပေါ်တွင် ဖုံးလွှမ်းနေပြီး ယခု စိုက်ပျိုးထားသော စပါးများသည် နောက်ဆုံးတွင် စားသုံးသူများထံ ရောက်ရှိသွားမည် ဖြစ်၍ အထူး စိုးရိမ်စရာ ဖြစ်နေကြောင်း စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် Suntorn Khomkhai က ပြောကြားခဲ့သည်။ အဆိုပါ အနံ့ဆိုးမှာ သီမဟိုဆော့ (Si Mahosot) မြို့နယ်တွင် တွေ့ရှိခဲ့ရသည့် အနံ့အတိုင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ နေရာသို့ သွားရောက်ရန် Khao Ang Rue Nai တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ ဆင်ရိုင်းများ ကျက်စားရာ ယူကလစ်တောကို ဖြတ်သန်းသွားခဲ့ရပြီး၊ တာဝန်ရှိသူများ ရေနမူနာ ဓာတ်ပုံရိုက်ကူးနေစဉ် လယ်ကွင်းဘေးရှိ တောစပ်တွင် ဆင်ရိုင်းကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သေးသည်။

ယခင်က ရေကြီးရေကျချိန်အတွင်း သက်တန့်ရောင် ဆီများ ယိုစိမ့်မှု ဖြစ်ပွားခဲ့သဖြင့် စက်မှုညွှန်ကြားရေးဦးစီးဌာနသည် ပုဒ်မ ၃၉ ကို အသုံးပြု၍ စက်ရုံတစ်ရုံအား ယာယီ ပိတ်သိမ်းရန် အမိန့်ထုတ်ထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ငါးပုပ်အနံ့များကို ပျောက်ကင်းစေရန် ပူထုံး ကီလိုဂရမ် ၁,၀၀၀ ကိုလည်း ပက်ဖြန်း ဆောင်ရွက်ထားခဲ့သည်။

တာဝန်ရှိသူများသည် အထက်ပိုင်းရှိ စက်ရုံများနှင့် ပတ်သက်မှု ရှိမရှိ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။

Source;Thaiger