မြန်မာကျောင်းသူ ရိုက်နှက်သည့်ဖြစ်စဉ် Thai Mai Thon” အဖွဲ့ နှင့် ထိုင်းကျောင်းသူ ကျောင်းအုပ်ထံ သွားရောက်တွေ့ဆုံ

ဖူးခက်ခရိုင်၊ ထလန်း (Thalang) မြို့နယ်ရှိ ချိန်းသလေး ဝိထယာခွမ် (Choeng Thale Wittayakom) ကျောင်းအတွင်းသို့ အခြားကျောင်းမှ မြန်မာကျောင်းသူတစ်ဦး ဝင်ရောက်ရိုက်နှက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသူနှင့်အတူ “တဲ အာချီဝ” (Tae Voc-Ed) ဦးဆောင်သော အဖွဲ့က ကျောင်းအုပ်ကြီးထံ သွားရောက်တွေ့ဆုံကာ လုံခြုံရေး တင်းကြပ်ပေးရန်နှင့် တရားဥပဒေအတိုင်း အရေးယူပေးရန် တောင်းဆိုခဲ့ပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့တွင် နိုင်း အာခရာဝုတ် ကရိုင်ဆရီဆွန်ဘတ် (ခေါ်) “တဲ အာချီဝ” သည် “Thai Mai Thon” အဖွဲ့၊ ဖူးခက်ခရိုင် အာဏာပိုင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသူ၏ မိသားစုနှင့်အတူ အဆိုပါကျောင်းသို့ သွားရောက်ခဲ့သည်။
ကျောင်းအတွင်း ကျောင်းသားများ၏ လုံခြုံရေး ပရိုတိုကောများကို ပိုမိုတင်းကြပ်ရန်၊ ထိခိုက်ခံရသည့် ကျောင်းသူအား စိတ်ဓာတ်ရေးရာ နှစ်သိမ့်ပေးရန် စိတ်ပညာရှင်များ စေလွှတ်ပေးရန်နှင့် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားစေရန် တောင်းဆိုခဲ့ကြသည်။
ထိခိုက်ခံရသည့် ထိုင်းကျောင်းသူ၏ မိသားစုက ချိန်းသလေး ရဲစခန်း၌ တရားဝင် အမှုဖွင့်ထားပြီး ဖြစ်သည်။ ထို့ပြင် ရိုက်နှက်သည့် ဗီဒီယိုဖိုင်အား လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေခဲ့မှုအတွက်လည်း ထပ်မံအမှုဖွင့် သွားမည်ဖြစ်သည်။
တဲ အာချီဝ က အစိုးရကျောင်းများတွင် လာရောက်ပညာသင်ကြားနေသည့် မြန်မာကျောင်းသူ/သားများအနက် လိမ္မာရေးခြားရှိပါက ပြဿနာမရှိသော်လည်း ယခုကဲ့သို့ ရမ်းကားမှုပြုလုပ်သည့် ကျောင်းသူ/သားများကို ထိုင်းနိုင်ငံတွင် ဆက်လက် ပညာသင်ကြားခွင့်နှင့် နေထိုင်ခွင့် ပြုသင့်မပြုသင့် မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံသားများ၏ အခွန်ဘတ်ဂျက်ဖြင့် ထိုင်းကျောင်းသူ/သားများ၏ ပညာရေးကို အဓိက ဦးစားပေး ထောက်ပံ့သင့်ပြီးမှသာ ရွှေ့ပြောင်းလုပ်သား ကလေးငယ်များအတွက် ကူညီသင့်ကြောင်း သက်ဆိုင်ရာ ဌာနများသို့ ပြောကြားခဲ့သည်။

Source;ThaiPost