ရယောင်း EV ဘက်ထရီ စက်ရုံဆောက်လုပ်ရေးဆိုက်၌ တရားမဝင် မြန်မာနှင့် တရုတ် လုပ်သား ၂၀ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ရယောင်း (Rayong) ခရိုင်၊ မောင်းရယောင်း မြို့နယ်၊ ဆမ်နက်သောင်း (Samnak Thong) ရပ်ကွက်ရှိ EV လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်ရေး စက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအား နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း စစ်ဆေးခဲ့ရာ တရားမဝင် အလုပ်လုပ်ခွင့် ပါမစ်မရှိသည့် ရွှေ့ပြောင်းလုပ်သား ၂၀ ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိပါတယ်။

ရယောင်းခရိုင် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ အလုပ်အကိုင် ဦးစီးဌာန၊ လဝကနှင့် စိစစ်ရေး တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့သည် “Sunwoda Automotive Energy Technology (Thailand) Co., Ltd.” ၏ စက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်နေရာတွင် အလုပ်လုပ်ကိုင်နေသည့် လုပ်သား စုစုပေါင်း ၁၂၄ ဦး (ထိုင်း ၁၅ ဦး၊ တရုတ် ၂၅ ဦး၊ ဗီယက်နမ် ၂ ဦးနှင့် မြန်မာ ၈၂ ဦး) အား စိစစ်ခဲ့ရာ အလုပ်လုပ်ခွင့် ပါမစ်မရှိသူ အလုပ်သမား ၂၀ ဦး (မြန်မာ ၁၆ ဦး နှင့် တရုတ် ၄ ဦး) ကို စိစစ်တွေ့ရှိ ဖမ်းဆီးခဲ့သည်။

ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်သည့် အဆိုပါ အလုပ်သမား ၂၀ ဦးအား ၂၀၁၇ ခုနှစ် (၂၀၁၈ ပြင်ဆင်ချက်) နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး အမိန့်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်ထားသည်။

ထို့အပြင် တရားမဝင် အလုပ်သမားများ လက်ခံအလုပ်ပေးမှု ပုဒ်မ ၉ ဖြင့် အလုပ်ရှင် ကုမ္ပဏီများဖြစ်သည့် Sunwoda Automotive Energy Technology (Thailand) Co., Ltd. နှင့် CESE (Thailand) Co., Ltd. တို့အား အရေးယူ တရားစွဲဆိုနိုင်ရေး ဆမ်နက်သောင်း ရဲစခန်းသို့ ပို့ဆောင်ထားပါတယ်။

Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี