ဖူးခက်ကမ်းခြေတစ်ခုမှာ တက်လာသည့် ပင်လယ်မြွေကို အသက်ကယ်သမားများ ဘေးကင်းစွာ ဖမ်းဆီးပြီး ပင်လယ်ထဲသို့ ပြန်လည်လွှတ်ပေး

ထိုင်းနိုင်ငံ၊ ဖူးခက် (Phuket) ပြည်နယ်၊ ကသူး (Kathu) ခရိုင်ရှိ ကမာလာ (Kamala) ကမ်းခြေသို့ ပင်လယ်မြွေတစ်ကောင် ကုန်းပေါ်သို့ လျှောက်သွားနေသဖြင့် ခရီးသွားများနှင့် ဒေသခံများ ထိတ်လန့်ခဲ့ရသော်လည်း၊ ကမ်းခြေအသက်ကယ်သမား (Lifeguards) များက ဘေးကင်းစွာ ဖမ်းဆီးပြီး ပင်လယ်ထဲသို့ ပြန်လည်မျှောပေးခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (သောကြာနေ့) က ကမာလာကမ်းခြေ ရေစပ်အနီးတွင် ပင်လယ်မြွေတစ်ကောင် ရွေ့လျားနေသည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် (Facebook) ပေါ်တွင် အသုံးပြုသူတစ်ဦးက မျှဝေခဲ့ရာမှ စတင်သိရှိခဲ့ရခြင်းဖြစ်သည်။

ကမ်းခြေရှိ အသက်ကယ်သမားများသည် သတင်းရရှိသည်နှင့် အခင်းဖြစ်ပွားရာသို့ ချက်ချင်းသွားရောက်ကာ ခရီးသွားပြည်သူများနှင့် တိရစ္ဆာန်လေးပါ အန္တရာယ်မဖြစ်စေရန်အတွက် မြွေကို စနစ်တကျ ဂရုတစိုက် ဖမ်းဆီးပြီး ပင်လယ်ရေနက်ပိုင်းသို့ ဘေးကင်းစွာ ပြန်လည်လွှတ်ပေးခဲ့သည်။

မကြာသေးမီရက်ပိုင်းအတွင်း ဖူးခက်ကမ်းရိုးတန်းတွင် လှိုင်းလေပြင်းထန်ပြီး ပင်လယ်ကြမ်းနေသောကြောင့် အဆိုပါပင်လယ်မြွေသည် လှိုင်းလုံးကြီးများနှင့်အတူ ကမ်းစပ်သို့ ကပ်ပါလာခြင်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ယူဆထားကြသည်။

အာဏာပိုင်များက ကမ်းခြေသို့ လာရောက်လည်ပတ်သူများအနေဖြင့် ပင်လယ်မြွေများ သို့မဟုတ် အခြားအန္တရာယ်ရှိနိုင်သည့် ရေနေသတ္တဝါများကို တွေ့ရှိပါက အနီးကပ်သွားခြင်း၊ ကိုင်တွယ်ခြင်းနှင့် ကိုယ်တိုင်ဖမ်းဆီးရန် ကြိုးပမ်းခြင်းမျိုး လုံးဝမပြုလုပ်ကြရန် သတိပေးထားသည်။ အကယ်၍ တွေ့ရှိပါက ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ကမ်းခြေအသက်ကယ်သမားများ သို့မဟုတ် သက်ဆိုင်ရာ အရာရှိများထံ ချက်ချင်း အကြောင်းကြားရန် တိုက်တွန်းထားပါတယ်။

Source;Khaosod