ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (ONWR) ၏ ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက် ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးရှိ ရေလှောင်ကန်များတွင် ရေပမာဏ ၅၇% အထိ ပြည့်လုနီးပါး ရှိနေပြီဖြစ်ပြီး၊ ရေပမာဏ အထက်ကန့်သတ်မျဉ်း (Upper Rule Curve) ကျော်လွန်နေသည့် အဓိက ရေကာတာကြီး ၄ ခု နှင့် ရေပမာဏ ၈၀% ကျော်လွန်နေသည့် အလတ်စား ရေလှောင်ကန် ၃၂ ခု ကို ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ခြေရှိသဖြင့် အထူးအနီးကပ် စောင့်ကြည့်နေရကြောင်း သတိပေးထားပါတယ်ဗျာ။
လတ်တလောတွင် အနောက်တောင်မုတ်သုံလေ တိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု အနည်းငယ် လျော့ပါးသွားနိုင်သော်လည်း မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသအချို့တွင် မိုးကြီးမှုများ ဆက်လက်ရှိနေနိုင်ပါသေးတယ်။
မေလ ၂၅ ရက်မှ ၂၇ ရက်အထိ ခန့်မှန်းချက်အနေနဲ့ ကပ္ပလီပင်လယ် (Andaman Sea) နှင့် ထိုင်းပင်လယ်ကွေ့တို့တွင် မုတ်သုံလေ အသင့်အတင့် ဆက်လက်အားကောင်းနေဦးမည် ဖြစ်သောကြောင့် မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းအနောက်ဘက်ကမ်းရိုးတန်း (ဖူးခက်၊ ရနောင်း စသည့်ဒေသများ) တွင် မိုးကြီးနိုင်ခြေ ရှိနေဆဲ ဖြစ်ပါတယ်။
လက်ရှိတွင် ထိုင်းတစ်နိုင်ငံလုံးရှိ ရေလှောင်ကန်အားလုံး၌ စုစုပေါင်း ရေပမာဏ ကုဗမီတာ ၄၅.၇ ဘီလီယံကျော် (ဝင်ဆံ့ဆံ့မှု၏ ၅၇%) ရှိနေပြီး၊ အမှန်တကယ် အသုံးပြုနိုင်သည့် ရေပမာဏမှာ ကုဗမီတာ ၂၁.၆ ဘီလီယံကျော် (၃၈%) ရှိနေပါတယ်။ ဒေသအလိုက် ရေဝင်ဆံ့မှု ရာခိုင်နှုန်းများမှာ –
▪️အနောက်ပိုင်း: ၆၅% (ရေပမာဏ အများဆုံးစုဆောင်းမိသည့်ဒေသ)
▪️တောင်ပိုင်း: ၆၁%
▪️မြောက်ပိုင်း: ၅၆%
▪️အရှေ့မြောက်ပိုင်း (အီးဆန်): ၄၆%
▪️အရှေ့ပိုင်း: ၃၅%
▪️အလယ်ပိုင်း: ၃၁%
Source;The Nation
