“ပိုက်ဆံချွေတာမယ်၊ ဒါပေမဲ့ အရသာကိုတော့ အလျှော့မပေးဘူး” ဆိုတဲ့ ဝန်ထမ်းတို့ရဲ့ ဆောင်ပုဒ်အတိုင်း တစ်နပ်ကို ငွေအနည်းငယ်ရုံနဲ့ လုပ်စားနိုင်မယ့် နည်းလမ်းတွေကတော့ –
၁။ ကြက်ဥအနှစ်မကျက်တကျက် ဆန်ပြုတ်/ထမင်းနယ်
ကြက်ဥ နှစ်လုံးကို ရေနွေးဆူဆူမှာ ၆ မိနစ်ခန့် ပြုတ်ပြီး အနှစ်ရွဲရွဲလေး ရအောင်လုပ်ပါ။ ပြီးရင် ငရုတ်သီးစိမ်း၊ ကြက်သွန်နီလေးလှီး၊ သံပရာသီးညှစ်ပြီး ငံပြာရည်လေးနဲ့ ပူပူနွေးနွေး ထမင်းဖြူပေါ်တင် နယ်စားလိုက်ရုံပါပဲ။ ကုန်ကျစရိတ် အနည်းဆုံးနဲ့ ပရိုတင်းဓာတ်အပြည့်ရမယ့် နည်းလမ်းပါ။
၂။ ငါးသေတ္တာ တုံယမ်းဟင်းရည်သောက်
လကုန်ရက်တွေရဲ့ ကယ်တင်ရှင်ဖြစ်တဲ့ ငါးသေတ္တာဘူးကို ဒီတိုင်းစားမယ့်အစား ရေနွေးထဲ ဂျင်း၊ စပါးလင်၊ ရှောက်ဘီလူးရွက်တို့ ထည့်ပြီး တုံယမ်းဟင်းရည် ချက်သောက်ပါ။ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ သံပရာရည်လေးနဲ့ ချဉ်စပ်လေးပြင်လိုက်ရင် ထမင်းမြိန်စေမယ့် ဟင်းရည်ပူပူတစ်ခွက် ရပါပြီ။
၃။ ကြက်ဥ ထမင်းကြော်
ထမင်းကျန်တွေရှိရင် မသွန်ပစ်ပါနဲ့။ ကြက်ဥတစ်လုံး၊ ပဲငပိပြာရည် (Soy Sauce)၊ သကြားအနည်းငယ်တို့နဲ့ ဒယ်အိုးထဲ ထည့်ကြော်လိုက်ပါ။ ရေခဲသေတ္တာထဲမှာ ကိုက်လံ၊ ကြက်သွန်နီ ဒါမှမဟုတ် ကာရက် အကျန်လေးတွေရှိရင် ညှပ်ထည့်လိုက်ရုံနဲ့ မနက်စာ ဒါမှမဟုတ် နေ့လယ်စာအတွက် အဆင်ပြေတဲ့ ထမင်းကြော်တစ်ပွဲ ဖြစ်လာပါတယ်။
၄။ ဂေါ်ဖီထုပ် ငံပြာရည်ချက်/ကြော်
ဂေါ်ဖီထုပ်က ဈေးသက်သာပြီး အကြာကြီး အထားခံတဲ့ အသီးအရွက်ပါ။ ဂေါ်ဖီထုပ်တစ်ထုပ်ကို အကိတ်ကြီး ဝယ်ထားပြီး အကြိမ်ကြိမ် ခွဲချက်လို့ရပါတယ်။ ဒယ်အိုးပူပူမှာ ကြက်သွန်ဖြူဓားပြားရိုက်ထည့်၊ ဂေါ်ဖီထုပ်ကို အပူရှိန်ပြင်းပြင်းနဲ့ အမြန်ကြော်ပြီး ဒယ်အိုးဘေးပတ်ပတ်လည်ကနေ ငံပြာရည်လေး ဆမ်းချလိုက်ရင် မွှေးကြိုင်နေတဲ့ ဂေါ်ဖီထုပ်ကြော်ကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ စားနိုင်ပါတယ်။
၅။ မိုက်ခရိုဝေ့ဖ် ကြက်ဥပေါင်း
လုပ်ရတာ အလွန်လွယ်ကူတဲ့ နည်းလမ်းပါ – ကြက်ဥကို ပန်းကန်ထဲဖောက်ထည့်၊ မွှေပြီး ရေနဲ့ ကြက်ဥကို ၁:၁ အချိုးအတိုင်း ရောပါ။ ပြီးရင် အရသာမှုန့်/ဆော့စ် ထည့်ပါ။ အိမ်မှာ အသားတုချောင်း (Imitation Crab) ဒါမှမဟုတ် ကြက်သွန်မြိတ်ရှိရင် အပေါ်က ဖြူးပြီး မိုက်ခရိုဝေ့ဖ်ထဲမှာ ၃ မိနစ်ကနေ ၅ မိနစ်ခန့် ပေါင်းလိုက်ရင် အိအိအိအိနဲ့ ဗိုက်ပြည့်စေမယ့် ကြက်ဥပေါင်း ပူပူလေး ရရှိမှာဖြစ်ပါတယ်။
လကုန်ခါနီးရက်တွေမှာ အပြင်စာမှာပါတဲ့ ဆီနဲ့ အချိုမှုန့်တွေကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်ရင် ဆေးဖိုးဝါးခ ကုန်ကျနိုင်တာမို့ အခုလို အိမ်မှာပဲ ရိုးရိုးရှင်းရှင်း သန့်သန့်ရှင်းရှင်း ချက်စားခြင်းက ပိုက်ဆံလည်းချွေတာရာရောက်သလို ကျန်းမာရေးအတွက်လည်း အကောင်းဆုံး ဖြစ်ပါတယ်ခင်ဗျာ။
ဒီဟင်းချက်နည်းလေးတွေက လာမယ့်လကုန်ရက်တွေအတွက် အသုံးဝင်မှာမို့ Save လုပ်ထားဖို့ လည်းမမေ့နဲ့ဦးနော် 🥰
Source; Thairath
