ထိုင်းနိုင်ငံ၊ ရယောင်း (Rayong) ခရိုင်၊ မောင်း (Mueang) မြို့နယ်ရှိ ကမ်းခြေပွဲတော်တစ်ခုအပြီး ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြား ၃ ဦး ဒဏ်ရာရရှိခဲ့သည့် အမှုမှ သံသယရှိသူ အသက် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦးသည် ရဲတပ်ဖွဲ့ထံ လာရောက်အပြစ်ပေးခံယူခဲ့ကြောင်း သိရပါတယ်ဗျာ။
စက်တင်ဘာ ၁၈ ရက် သောကြာနေ့ သန်းခေါင်ယံကျော်အချိန်တွင် ရယောင်းခရိုင်၊ မဲရမ်ဖောင်း ကမ်းခြေ၌ ကျင်းပသည့် “Mae Ramphueng Beach: Colours of the East” ပွဲတော်ရှိ Maleehuana ဝိုင်း၏ ဂီတဖျော်ဖြေပွဲ အပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သံသယရှိသူ အသက် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦးသည် ဂီတဖျော်ဖြေပွဲအပြီး လမ်းပေါ်တွင် ရန်သူဟောင်းအုပ်စုနှင့် စကားအတိုက်အခံ ဖြစ်ခဲ့ကြသည်။ နှစ်ဖက်စလုံး ခဏတာ လမ်းခွဲသွားခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆဲဆိုစိန်ခေါ်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။
သံသယရှိသူ လူငယ်တစ်ဦးက ဆိုင်ကယ်ကို မောင်းနှင်ပြီး နောက်တစ်ဦးက ဆိုင်ကယ်နောက်မှလိုက်ကာ ရန်သူအုပ်စုထံသို့ မဂ္ဂဇင်းပါ သေနတ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်စဉ် အိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အပြစ်မဲ့ လမ်းသွားလမ်းလာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ ထို့ပြင် အပြစ်မဲ့ လမ်းသွားလမ်းလာ အခြား ၃ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
သံသယရှိသူတစ်ဦးက ပစ်ခတ်မှုကို ဝန်ခံခဲ့သော်လည်း ရန်သူအုပ်စုဘက်က စတင်ပစ်ခတ်ခဲ့သဖြင့် ခုခံပစ်ခတ်ခြင်းဖြစ်သည်ဟု ထွက်ဆိုထားသည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ၎င်းတို့အုပ်စုနှစ်ခုမှာ ယခင်ကတည်းက အာဃာတရှိခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
သံသယရှိသူ လူငယ်တစ်ဦးသည် ယခင်ကလည်း လက်နက်မှုဖြင့် ဖမ်းဆီးခံခဲ့ရဖူးပြီး ရယောင်းမြို့ရှိ လူငယ်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစခန်းမှ ထွက်ပြေးလွတ်မြောက်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က သံသယရှိသူ လူငယ်နှစ်ဦးစလုံးအား သေနတ်အသုံးပြု၍ ပူးပေါင်းကြိုတင်ကြံစည် လူသတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှုနှင့် တရားမဝင် လက်နက်ကိုင်ဆောင်မှု ပုဒ်မများဖြင့် တရားစွဲဆိုထားသည်။
Source;Khaosod
