ဝိတ်ချဆေးသောက်လို့ လူသေဆုံးမှုကနေ နောက်ကြောင်းလိုက်ပြီး နွန်ထဘူရီစက်ရုံကို စီးနင်း၊ မြန်မာလုပ်သား ၃ ဦးကို ဖမ်းဆီး

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဘန်ကောက်တွင် “Bashi” အမှတ်တံဆိပ် ဝိတ်ချဆေးသောက်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့မှုကြောင့် ရဲတပ်ဖွဲ့က နောက်ကြောင်းလိုက် စုံစမ်းရာမှတစ်ဆင့် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် နွန်ထဘူရီရှိ တရားမဝင် ဝိတ်ချဆေးစက်ရုံနှင့် ဖြန့်ဖြူးရေးဂိုဒေါင်တို့ကို ဝင်ရောက်စီးနင်းနိုင်ခဲ့ပါတယ်။

ဘန်ယိုင်မြို့နယ်ရှိ စက်ရုံကို ရှာဖွေရာတွင် ချက်လုပ်သည့် ဓာတုပစ္စည်းများ၊ စက်ကိရိယာများနှင့်အတူ စက်ရုံစောင့်အဖြစ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးဖြစ်သော မခင်နွယ်လင်း (၂၅ နှစ်)၊ မောင်အောင်တင်ဝင်း (၂၇ နှစ်) နှင့် မောင်စိုင်းရွှေအောင် (၂၁ နှစ်) တို့ကို ဖမ်းဆီးမိခဲ့သည်။

စက်ရုံနှင့် ဂိုဒေါင်တို့မှ သိမ်းဆည်းရမိသည့် ဝိတ်ချဆေး အမှတ်တံဆိပ် ၁၀ ခုလုံးတွင် နှလုံးနှင့် သွေးကြောစနစ်ကို ပြင်းထန်စွာ ထိခိုက်စေပြီး ရုတ်တရက် နှလုံးရပ်ကာ အသက်သေဆုံးစေနိုင်သည့် ပိတ်ပင်ထားသော “စီဗျူထရာမင်း” (Sibutramine) ဓာတ်များ ပါဝင်နေကြောင်း ထိုင်း FDA က အတည်ပြုထားသည်။

ယခုကဲ့သို့ စိတ်ပြောင်းဆေးဝါး ပါဝင်သော အစားအသောက်နှင့် ဆေးဝါးများကို တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမည်ဖြစ်ပြီး ရဲတပ်ဖွဲ့က တကယ့်စက်ရုံပိုင်ရှင်ကို ဆက်လက်ဖော်ထုတ်နေသည်။

Source;Thairath