ထိုင်းနိုင်ငံ၊ ဥဘလရာချဌာနီ (Ubon Ratchathani) ခရိုင်တွင် အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူအား အသက် ၁၁ နှစ်မှစ၍ ၃ နှစ်တိုင်တိုင် ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့သည့် မူးယစ်ဆေးစွဲ ဖခင်ဖြစ်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်ဗျာ။
ကလေး၏ မိဘနှစ်ပါးမှာ ခွဲနေကြပြီး မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ဖခင်ဖြစ်သူ (အသက် ၄၈ နှစ်) ထောင်ဒဏ် ၈ နှစ် ကျခံနေရစဉ်အတွင်း သမီးဖြစ်သူမှာ ဆွေမျိုးများထံတွင် နေထိုင်ခဲ့ရသည်။ အယုဒ္ဓယတွင် ရောက်ရှိနေသည့် မိခင်ဖြစ်သူထံ ခေါ်ယူစောင့်ရှောက်ခွင့်ကို ဖခင်ဖြစ်သူက တားမြစ်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ဖခင်ဖြစ်သူ ထောင်မှလွတ်လာပြီးနောက် သမီးဖြစ်သူကို ပြန်လည်ခေါ်ယူ စောင့်ရှောက်ခဲ့သည်။ ထို့နောက် သမီးဖြစ်သူ အသက် ၁၁-၁၂ နှစ် အရွယ်မှစ၍ ကျောင်းမုန့်ဖိုး မပေးဟုဆိုကာ ၃ နှစ်တိုင်တိုင် ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့သည်။ ကလေးမလေးမှာ စာဆက်သင်ချင်သဖြင့် ယင်းငရဲခန်းကို အသံတိတ် အောင့်စည်းသည်းခံခဲ့ရသည်။
မခံမရပ်နိုင်တော့သည့် သမီးဖြစ်သူသည် မိခင်ဖြစ်သူထံ ဖုန်းဆက်၍ ငိုယိုကာ Paveena ဖောင်ဒေးရှင်း (Pavena Foundation) သို့ ဆက်သွယ်ပေးရန် အကူအညီတောင်းခံခဲ့သည်။ ဆင်းရဲနွမ်းပါးသည့် မိခင်ဖြစ်သူကလည်း အသင်းအဖွဲ့နှင့် ပူးပေါင်း၍ သမီးဖြစ်သူအား အမြန်ဆုံး ကယ်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။
စက်တင်ဘာ ၂၃ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖခင်ဖြစ်သူအား သွားရောက်ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲမှု၊ အသက် ၁၃ နှစ်အောက် ကလေးသူငယ်အား အဓမ္မပြုကျင့်မှုတို့ဖြင့် အမှုဖွင့်ခဲ့သည်။ စက်တင်ဘာ ၂၄ ရက်နေ့တွင် ဥဘလရာချဌာနီ ခရိုင်တရားရုံးသို့ တရားစွဲဆိုရန် ချုပ်နှောင်ထားသည်။
အသက် ၁၄ နှစ်အရွယ် ကလေးမလေးအား အာဏာပိုင်များနှင့် လူမှုဝန်ထမ်းအဖွဲ့များက ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ပေးထားပြီဖြစ်သည်။
Source;อีเต้ย อีจัน
